မြဝတီတွင်Quarantine ၂၁ ရက်ပြည့်၍ မန္တလေးသို့ ပြန်လာသူ ၂၀၀ ကျော်အနက် နဒီမြန်မာဟိုတယ်သို့ ၅၇ ဦးရောက်ရှိ

မြဝတီတွင်Quarantine ၂၁ ရက်ပြည့်၍ မန္တလေးသို့ ပြန်လာသူ ၂၀၀ ကျော်အနက် နဒီမြန်မာဟိုတယ်သို့ ၅၇ ဦးရောက်ရှိ

ထိုင်းနိုင်ငံမှ ပြန်လာသူများကို မြဝတီမြို့တွင် Quarantine ထားရာ ၂၁ ရက်ပြည့်၍ မန္တလေးဘက်သို့ ပြန်လာသူ ၂၀၀ ကျော် အနက် နဒီမြန်မာဟိုတယ် Quarantine Center သို့ ယနေ့ဧပြီ ၂၂ ရက်နံနက် ၃ နာရီခွဲခန့်က ရောက်ရှိလာသူ ၅၇ ဦးရှိပြီး ၎င်းတို့ နေရပ်များသို့ ပြန်လည် ပို့ဆောင်ပေးနေကြောင်း မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်က ပြောသည်။

မန္တလေးတိုင်းအစိုးရအစီအစဉ်ဖြင့် ရွှေစင်စင်္ကြာခရီးသည်ယာဉ် ၅ စီးသည် ဧပြီ ၁၂ ရက်နေ့က နေရပ်ပြန်များခေါ်ယူရန် မြဝတီသို့ ရောက်ရှိခဲ့ပြီး ဧပြီ ၂၁ ရက်နေ့က ထွက်ခွာလာခဲ့ရာ လမ်း၌ဆင်းသွားသူများရှိ၍ ၅၇ ဦးသာမန္တလေး Quarantine Center သို့ရောက်ရှိသည်ဟု ဆိုသည်။

“ပြန်လာတဲ့သူတွေထဲက လမ်းမှာဆင်းသွားတဲ့သူတွေ ရှိတော့ ၅၇ ယောက်ပဲ နဒီမြန်မာကို ရောက်လာတယ်။သူတို့ကို ပြန်ပို့ဖို့လုပ်နေရာမှာ မိုးကုတ်နဲ့ သပိတ်ကျင်းပို့ရမယ့်သူလောက်ပဲ ကျန်တော့တယ်။ကျန်တဲ့သူတွေက မနက်ကတည်းက နေရပ်ပြန်ပို့လိုက်ပါပြီ။”ဟု ၎င်းကပြောသည်။

ရောက်ရှိလာသူများအနက် မိုးကုတ် ၃၁ ဦးနှင့်  သပိတ်ကျင်းမှ ၁ ဦးစုစုပေါင်း ၃၂ ဦးကို ယနေ့ မွန်းလွဲပိုင်းအချိန်ထိ ပြန်ပို့ရန်စီစဉ်နေကြောင်းသိရပြီး ၎င်းတို့ အားလုံးသည် မြဝတီတွင် ၂၁ ရက် Quarantine လုပ်ပြီးပြီဖြစ်၍ ထပ်မံလုပ် ဆောင်ရန်မလိုသော်လည်း ၎င်းတို့နေအိမ် အသီးသီးသို့ ရောက်ရှိပါက Home Quarantine ၇ ရက်လုပ်ဆောင်ရ မည်ဖြစ်သည်။

“တိုင်းအစိုးရအစီအစဉ်နဲ့ မြဝတီကို ရွေစင်စင်္ကြာယာဉ်ရန်ကုန်က ၅ စီးနဲ့သွားရောက်ခေါ်ယူခဲ့တာပါ။အရင်က ၁၄ ရက် Quarantine ဆိုတော့ ကားတွေက ဧပြီ ၁၁ ရက်နေ့ထွက်သွားတယ်။မနေ့ကမှ၂၁ ရက်ပြည့်လို့ ကားသမားတွေလဲ မြဝတီမှာ ၇ ရက်လောက်စောင့်ခဲ့ရတယ်။မန္တလေးမှာတာဝန်ပြီးတော့ကားတွေကို ပိုးသတ်ဆေးတွေဖျန်းတယ်” ဟု မန္တလေးတိုင်းယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(အဝေးပြေး) ဥက္ကဌဦးအောင်ကျော်လင်း က ပြောသည်။

အဆိုပါ မြဝတီမှ ခေါ်ယူလာသူများသည် ပုသိမ်ကြီး၊ကျောက်ဆည်၊ပြင်ဦးလွင်၊နွားထိုးကြီး၊ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊မိုးကုတ်၊ညောင်ဦး၊စဥ့်ကူး၊မိတ္တီလာ၊သာစည်၊ရမည်းသင်း၊သာစည်မြို့နယ်စသည့် မန္တလေးတိုင်းအတွင်းမှ အများဆုံးဖြစ်ပြီး အခြားဒေသများမှအနည်း ငယ်ပါရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး