မြဝတီ၌ Quarantine ၂၁ ရက်ပြည့်၍ မန္တလေးသို့ ပြန်လာသူ နေရပ်ပြန် ၅၇ ဦးရှိ

မြဝတီ၌ Quarantine ၂၁ ရက်ပြည့်၍ မန္တလေးသို့ ပြန်လာသူ နေရပ်ပြန် ၅၇ ဦးရှိ

ထိုင်းနိုင်ငံမှ ပြန်လာသူများအား မြဝတီမြို့၌ Quarantine ၂၁ ရက်ထားရှိခဲ့ပြီး မန္တလေးဘက်သို့ ပြန်လာသူ ၂၀၀ ကျော် အနက် နဒီမြန်မာဟိုတယ် Quarantine Center သို့ ဧပြီ ၂၂ ရက် နံနက် ၃ နာရီခွဲခန့်က ရောက်ရှိလာသူ ၅၇ ဦးရှိကာ ၎င်းတို့ နေရပ်များသို့ ပြန်လည် ပို့ဆောင်ပေးနေကြောင်း မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်က ပြောသည်။

မန္တလေးတိုင်း အစိုးရအစီအစဉ်ဖြင့် ရွှေစင်စင်္ကြာခရီးသည်ယာဉ် ၅ စီးဖြင့် ဧပြီ ၁၂ ရက်နေ့က မြဝတီမှ သွားရောက် ခေါ်ဆောင်လာသည့် နေရပ်ပြန်များတွင် လမ်းဆင်းသွားသူများရှိ၍ ၅၇ ဦးသာ မန္တလေး Quarantine Center သို့ရောက်ရှိသည်ဟု ဆိုသည်။

“ပြန်လာတဲ့သူတွေထဲက လမ်းမှာ ဆင်းသွားတဲ့သူတွေ ရှိတော့ ၅၇ ယောက်ပဲ နဒီမြန်မာကို ရောက်လာတယ်။ သူတို့ကို ပြန်ပို့ဖို့လုပ်နေရာမှာ မိုးကုတ်နဲ့ သပိတ်ကျင်းပို့ရမယ့် သူလောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့သူတွေက မနက်ကတည်းက နေရပ်ပြန်ပို့လိုက်ပါပြီ။”ဟု ၎င်းကပြောသည်။

ရောက်ရှိလာသူများအနက် မိုးကုတ် ၃၁ ဦးနင့်  သပိတ်ကျင်းမှ ၁ ဦးစုစုပေါင်း ၃၂ ဦးကို ယနေ့ မွန်းလွဲပိုင်းအချိန်ထိ ပြန်ပို့ရန်စီစဉ်နေကြောင်းသိရပြီး ၎င်းတို့ အားလုံးသည် မြဝတီတွင် ၂၁ ရက် Quarantine လုပ်ပြီးပြီဖြစ်၍ ထပ်မံလုပ် ဆောင်ရန်မလိုသော်လည်း ၎င်းတို့နေအိမ် အသီးသီးသို့ ရောက်ရှိပါက Home Quarantine ၇ ရက်လုပ်ဆောင်ရ မည်ဖြစ်ကြောင်းသိရသည်။

“တိုင်းအစိုးရအစီအစဉ်နဲ့ မြဝတီကို ရွှေစင်စင်္ကြာယာဉ်(ရန်ကုန်)က ၅ စီးနဲ့သွားရောက်ခေါ်ယူခဲ့တာပါ။ အရင်က ၁၄ ရက် Quarantine ဆိုတော့ ကားတွေက ဧပြီ ၁၁ ရက်နေ့ထွက်သွားတယ်။မနေ့ကမှ၂၁ ရက်ပြည့်လို့ ကားသမား တွေလည်း မြဝတီမှာ ၇ ရက်လောက်စောင့်ခဲ့ရတယ်။ မန္တလေးမှာ တာဝန်ပြီးတော့ ကားတွေကို ပိုးသတ်ဆေးတွေဖျန်းတယ်” ဟု မန္တလေးတိုင်းယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(အဝေးပြေး) ဥက္ကဌ ဦးအောင်ကျော်လင်း ကပြောသည်။

အဆိုပါ မြဝတီမှ ခေါ်ယူလာသူများသည် ပုသိမ်ကြီး၊ကျောက်ဆည်၊ပြင်ဦးလွင်၊နွားထိုးကြီး၊ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊ မိုးကုတ်၊ ညောင်ဦး၊ စဉ့်ကူး၊မိတ္တီလာ၊ သာစည်၊ ရမည်းသင်း၊သာစည်မြို့နယ်စသည့် မန္တလေးတိုင်းအတွင်းမှ အများဆုံးဖြစ်ပြီး အခြားဒေသများမှအနည်းသာ ငယ်ပါရှိကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး