မန္တလေးသို့ COVID-19 ဓာတ်ခွဲစက်ရောက်ရှိ၊ မေလကုန်တွင် စတင်စစ်ဆေးနိုင်မည်

မန္တလေးသို့ COVID-19 ဓာတ်ခွဲစက်ရောက်ရှိ၊ မေလကုန်တွင် စတင်စစ်ဆေးနိုင်မည်

COVID-19 ပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးမည့်စက် မန္တလေးမြို့သို့ စင်္ကာပူနိုုင်ငံမှ ရောက်ရှိလာပြီဖြစ်၍ ဓာတ်ခွဲခန်းပြင်ဆင်မှုများ လုပ်ဆောင်နေပြီး မေလကုန်တွင် စတင်စမ်းသပ်စစ်ဆေးပေးနိုင်တော့မည်ဟု COVID-19သတင်းမှန်ပြန်ကြား ရေးနှင့် COVID-19 သတင်းမှားဖြန့်ဝေသူများ ရှာဖွေဖေါ်ထုတ်စောင့်ကြည့်ရေး လုပ်ငန်းကော်မတီ ဥက္ကဌဦးစိုင်းပန်းဆိုင်ကပြောသည်။

အဆိုပါ ဓါတ်ခွဲခန်းကို ယခင် FDA ဓါတ်ခွဲနေရာဖြစ်သည့် ၃၅ လမ်းတွင် ထားရှိမည်ဖြစ်၍ COVID-19 ပိုးစစ်ဆေးမည့် စက်ထားရှိနိုင်ရေးအတွက် အတွင်းပိုင်း ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဟုဆိုသည်။

“တိုင်းအစိုးရအနေနဲ့ အပူတပြင်းလုပ်ဆောင်နေပါတယ်။ အရင် FDA ဓာတ်ခွဲခန်းပစ္စည်းတွေဖယ်ရှားပြီးပြီ။ လိုအပ်တဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းတွေမှာယူထားတယ်။ တိုင်းအတွက်ရော တစ်နိုင်ငံလုံးအတွက် သုံးနိုင်အောင် မျှော်မှန်းထားပြီး ခန့်မှန်းခြေ မေလကုန်လောက် စနိုင်မယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းနှင့် အခြားဒေသများမှ ပိုးစစ်ဆေးရန်လူနာ၏ ဓာတ်ခွဲနမူနာကို ရန်ကုန်သို့ ကားဖြင့် ပို့ပေးရ သဖြင့် အချိန်ပေးရကြောင်း၊မန္တလေးတွင် စစ်ဆေးနိုင်ပါက အထက်မြန်မာပြည်အတွက် အချိန်နှင့်အမျှ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နိုင်ပြီး ဓာတ်ခွဲစစ်ဆေးမည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း သင်တန်းပေးပြီးဖြစ်ကြောင်း သိရသည်။

“ဓာတ်ခွဲခန်းစတင်စမ်းသပ်စစ်ဆေးနိုင်မယ့် အချိန်က မေလကုန်လောက် မျှော်မှန်းပေမယ့် အဓိကလိုတာက ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေရောက်ဖို့လိုပါတယ်။အဲဒါတွေက နိုင်ငံခြားက မှာယူရတာဖြစ်လို့ ရောက်ရှိလာချိန်ပေါ်လည်း မူတည်တယ်။ လိုအပ်တဲ့ကျန်းမာရေး ပစ္စည်းဝယ်ယူရေးအဖွဲ့မှာထားပြီးပြီ၊ အမြန်ဆုံးဖြစ်အောင်ကြိုးစားနေပါတယ်”ဟု ဆက်လက် ပြောကြားသည်။

COVID-19 ပိုးရှိ/မရှိ မန္တလေးတွင် စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းပေါ်ပေါက်လာခြင်းဖြင့် အဆိုပါကူးစက်ရောဂါပိုး ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း၊ အထက်မြန်မာပြည်မှလူနာများအတွက် လည်း လွယ်ကူလျင်မြန်စွ ာစစ်ဆေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး