သီတဂူဆရာတော်ဘုရားကြီး၏ အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှ စက်းလုံးငှား လေယာဉ်ဖြင့် ပြန်ခေါ်လာကာ ဧပြီ၂၂ ရက်ည ၈နာရီခွဲက စစ်ကိုင်းသို့ ရောက်ရှိလာသူများ အနက်မှ နှလုံးခွဲစိတ်မှု ခံယူထားသည့် သုံးလအရွယ် ကလေးငယ်တစ်ဦး မွေးရာပါနှလုံးရောဂါဖြင့် ထိုညက သေဆုံးခဲ့ ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)မှ သတင်းရရှိသည်။
အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော သံဃာတော်များ၊ သီလရှင်များ၊ ဆေးကုသခံယူနေသူများနှင့် ဘုရားဖူးများကို ဆရာတော်ကြီးက စင်းလုံးငှားလေယာဉ် ၂ စင်းဖြင့် သွားရောက် ခေါ်ယူခဲ့ရာ ၎င်းတို့သည် တံတားဦးလေဆိပ်မှတဆင့် သီတဂူ(စစ်ကိုင်း) သို့ ဧပြီ ၂၂ ရက် ညက ရောက်ရှိခဲ့သည်။
“အိန္ဒိယမှာ နှလုံးခွဲစိတ်မှုလုပ်ခဲ့တဲ့ သုံးလသားအရွယ် မိန်းခလေးပါ။ ရန်ကုန်ကနေ အိန္ဒိယကို ဆေးသွားကုတယ်။ဆရာ တော်ကြီး အစီအစဉ်နဲ့ ခေါ်လာသူတွေထဲမှာ ပါလာတာပါ။သုံးလသားဆိုတော့ ခရီးသွားဒဏ်မခံနိုင်လောက်ဘူး ဖြစ်မယ်။အရေးပေါ်ကားနဲ့ စစ်ကိုင်းဆေးရုံကို ပို့ပေးခဲ့ပြီး ဆေးရုံမှာ ဆုံးသွားတယ်။ဒီနေ့ ကလေးငယ်ကိုသဂြိုဟ်ပြီးရင် မိဘနှစ်ပါးကို သီတဂူမှာဘဲ Quarantine ဆက်ထားရှိမှာပါ”ဟု ကယ်ဆယ်ရေးအဖွဲ့မှ ကိုစိုးမင်းဦးကပြောသည်။
အဆိုပါက ကလေးငယ်ကို အိန္ဒိယနိုင်ငံဆေးရုံတစ်ခုတွင် ကုသမှုပြုလုပ်ခဲ့ရာ ၃ လခန့်ကြာခဲ့ပြီးနောက် COVID-19 ဖြစ်စဉ်ကြောင့် ကလေးငယ်နှင့် မိဘတို့မှာ မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်ခဲကြုံတွေ့ရာ သံရုံးမှတဆင့် အကူအညီတောင်းခံ၍ သီတဂူဆရာတော်ဘုရားကြီးအစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရသည်။
အဆိုပါ သီတဂူဆရာတော်ကြီး အစီအစဉ်ဖြင့် ပြန်ခေါ်လာသည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာတက္ကသိုလ်နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တို့တွင် (၂၁) ရက်ကြာ ကျန်းမာရေးစောင့်ကြည့်သွားမည်ဖြစ်သည်။
















