မန္တလေးဘူတာကြီးရောက်ရှိလာသည့် ခရီးသည်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် ပူးပေါင်းအဖွဲ့နှင့် စောင့်ကြည်စစ်ဆေးမှုများ အထူးလုပ်ဆောင်ကာ ကျန်းမာရေးစစ်ဆေးမှု ကောင်းမွန်ပါက အခြားဒေသများသို့ ဆက်လက်ထွက်ခွာခွင့်ပေးကြောင်း မြန်မာ့မီးရထား၊တိုင်း(၂)လက်ထောက်ထွေထွေမန်နေဂျာ သွား/လာမှ ဦးစံသာအောင်ကပြောသည်။
ယင်းသို့စစ်ဆေးရန်အတွက် ကျန်းမာရေးစစ်ဆေးမှု ပူးပေါင်းအဖွဲ့မှ အဆင့်သင့်ရှိနေပြီး လိုအပ်သည့် ဆောင်ရွက်ချက် များကို မြို့နယ်အသီးသီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များနှင့် ချိတ်ဆက်ကူညီပေးနေခြင်းဖြစ်သည်။
“ဘူတာမှာ စစ်ပြီးတော့မှ လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုလုပ်နေတယ်။ ဒီနေ့မနက် ရန်ကုန်ရထား မနက် ၁၀ နာရီက ဝင်လာတယ်။မန္တလေးမြို့ထဲကဆိုရင် စစ်ဆေးပြီးလိုအပ်ရင် Quarantine Center ပို့တယ်။ မြစ်ကြီးနားဆက်သွားမယ့်သူတချို့ကို စစ်ဆေးပြီး pass ပေးလိုက်တယ်။ ရန်ကုန်က ၂ ယောက်ကတော့ အိမ်နဲ့ စိတ်ဆိုးပြန်လာတာ။ ဒီညနေဘဲ ရန်ကုန်ရထားနဲ့ ပြန်ကြမယ်”ဟု ၎င်းကပြောသည်။
မန္တလေးတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီ ၂၁ ရက်ထုတ်ပြန်ချက်တွင် ရောဂါပိုးတွေ့ရှိသည့် တိုင်းဒေသကြီး ပြင်ပဒေသများ၌ နေထိုင်ပြီး ပြန်လည်ရောက်ရှိလာသူများဖြစ်ပါက Facility Quarantine ၂၁ ရက်နှင့် Home Quarantine ဆောင်ရွက်ရန်နှင့် ပိုးမတွေ့ရှိသော ဒေသများမှ ရောက်ရှိလာသူများအား စစ်ဆေးပြီး လိုအပ်မှသာ Quarantine ထားရှိရန်စသည့် အချက် ၅ ချက်ပါရှိသည်။
“မြို့ထဲမသွားဘဲနဲ့ တခြားကို ခရီးဆက်မယ့်သူတွေကိုတော့ ကျန်းမာရေးစစ်ဆေးပြီး သူတို့သွားမယ့်ဆီ သွားခွင့်ပေးတယ်။ ရန်ကုန်ကလာတဲ့အဖွဲ့တွေကိုကျန်းမာရေးစစ်ဆေးမှုတွေလုပ်တယ်။Quarantine ဆောင်ရွက်ဖို့လိုရင်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေနဲ့ ဘူတာမှာရှိတဲ့ ကိုဗစ် စောင့်ကြည့်ကာကွယ်ရေးအဖွဲ့က ချိတ်ဆက်ပေးတယ်”ဟု ဆက်လက်ပြောကြားသည်။
မန္တလေးဘူတာကြီးတွင် ယနေ့နံနက် ၁၀ နာရီက အမှတ် ၃ အဆန်ရထားဆိုက်ရောက်စဉ် ရန်ကုန်မြို့မှ မန္တလေးမြို့ တွင်းသွားရောက်မည့်သူများနှင့် မြစ်ကြီးနားသို့ ခရီးဆက်မည့်သူ ၅၀ ဝန်းကျင်ပါရှိလာရာ ကျန်းမာရေးစစ်ဆေးမှုများ နှင့် နေရာ၊ မှတ်ပုံတင်၊ လိပ်စာ၊ ဖုန်းနံပတ်စသည့် အချက်အလက်များမှတ်တမ်းပြုစုပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့်ချိတ်ဆက်ကာ ပို့ဆောင်ခြင်းနှင့် ဆက်လက်ခရီးထွက်မည့်သူများအားလည်း ထွက်ခွာခွင့်ပြုခြင်းတို့ ဆောင်ရွက်ခဲ့သည်ဟုသိရသည်။
















