မန္တလေးဈေးချိုတော်ကို မေ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး မြို့တော်စည်ပင်သာယာသို့ တင်ပြရန် အစီအစဉ်ရှိသော်လည်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား ဧပြီ ၃၀ ရက်မှ မေ ၁၅ ရက်ထိ တိုးမြှင့်ရန်ဆုံးဖြတ်ကြောင်း သိရှိရသဖြင့် တင်ပြတော့မည်မဟုတ်ဟု ဈေးချိုတော် အကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းထွန်းကပြောသည်။
COVID-19 ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကုန်စည်စီးဆင်းမှု ယာဉ်များနှင့် လေးဦးထက်မပိုသော သာမန် အိမ်စီးယာဉ်များမှအပ ကျန်ရှိသော ခရီးသည်ယာဉ်လိုင်းများ၊ဘုရားဖူးယာဉ်များ၊အပန်းဖြေ အလည်အပတ်သွား ယာဉ်များကို မန္တလေးတိုင်းအတွင်းဝင်ထွက်သွားလာခွင့်အား ဧပြီ ၃၀ ရက်နေ့ထိ ယာယီပိတ်သိမ်းကြောင်းတိုင်းအစိုးရအဖွဲ့ က တားမြစ်မိန့်ထုတ်ပြန်ထားသည်။
“အစက ဧပြီ ၃၀ ရက်ထိသတ်မှတ်ထားတာ။ မေ ၁၅ ရက်ထိ ရက် တိုးလိုက်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ဖေ့စ်ဘုတ်မှာ မနေ့ညကတွေ့လိုက်လို့ မေ ၁ ရက်ဈေးချို ဖွင့်ဖို့ မဖြစ်နိုင်တော့သလို တင်ပြဖို့ မလိုတော့ဘူး။ မနေ့က မေ ၁ ရက်နေ့ ဈေးချိုတော်ပြန်လည်ဖွင့်လှစ်နိုင်ရေး ပဏာမအစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ ဘယ်အချိန် ဖွင့်မယ်၊ ပိတ်မယ်နဲ့ကျန်တဲ့အချက်တွေကို ဈေးသူဈေးသားတွေလည်း သဘောတူတယ်” ဟု ၎င်းကပြောသည်။
အဆိုပါအစည်းအဝေးမှ ဈေးဖွင့်ချိန် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိဈေးဖွင့်လှစ်ရန်၊ဈေးလာသူတိုင်း Mask တပ်ဆင်ရန်၊ ကိုယ်ပူချိန်တက်ခြင်းနှင့် ချောင်းဆိုးနေသူများ ဝင်ခွင့်မပြုရန်၊လူသွားစင်္ကြန်ကျယ်ပြီး လေဝင်လေထွက်ကောင်းစေရေး အတွက် ပစ္စည်းထားရှိမှုလျှော့ချခြင်းနှင့် ဈေးဆိုင်ခန်းတစ်ခုလျင် ၂ ဦးသာခွင့်ပြုရန်၊ကျန်းမာရေးစစ်ဆေးမှုအဖွဲ့ထားရှိ ရန်တို့ကို ဆွေးနွေးအတည်ပြုခဲ့သည်။
“ဈေးဖွင့်ခွင့်ရချိန်မှာတော့ ဆွေးနွေးထားတဲ့အတိုင်း ဆောင်ရွက်မယ်။ရက်တိုးလိုက်တဲ့အတွက် ဈေးချိုတော်ပြန်လည် ဖွင့်လှစ်နိုင်ရေးက မေ ၁၅ ရက်နောက်ပိုင်းမှဘဲ မြို့တော်စည်ပင်နဲ့ တာဝန်ရှိသူတွေနဲ့ ညှိနိုင်းလုပ်ဆောင်သွားမှာပါ။ လက်ရှိမှာ ဈေးချိုမှာ အရောင်းအဝယ်လုပ် လို့မရဘူး။ပစ္စည်းအမှာဆိုရင် ကားဂိတ်တွေ ပိတ်ထားတာဖြစ်လို့ အလုပ် မဖြစ်ဘူး”ဟုဆက်လက်ပြောပြသည်။
မန္တလေးမြို့ဈေးချိုတော်နှင့် မြို့တော်စည်ပင်သာယာရေး ကော်မတီစီမံခန့်ခွဲမှုအောက်ရှိ ဈေးများကို မတ် ၂၈ ရက် ညနေပိုင်းမှ စတင်၍ ရက်အကန့်အသတ်မရှိပိတ်ရန်နှင့် စားသောက်ကုန်နှင့်ဆေးဝါး ရောင်းချသည့် ဆိုင်များဖွင့်လှစ် နိုင်ကြောင်းမြို့တော်စည်ပင်သာယာရေးကော်မတီမှ ညွန်ကြားထားသည်။
















