COVID-19 ပိုးတွေ့လူနာအမှတ် ၁၃၂ ၏နေထိုင်ရာသည့် မန္တလေးတိုင်း မတ္တရာမြို့အမှတ်(၂) ကံသာရပ်ကွက်မှ မတ္တရာမြို့ဈေး အပါအဝင် ပျံကျဈေး(၇)ဈေးကို ဧပြီ ၂၄ ရက်မှစတင်၍ ၃ ရက်ခန့် ပိတ်ထားမည်ဖြစ်ကာ ကားများဖြင့် မြို့တွင်းလှည့်လည်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မတ္တရာမြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစန်းအောင်ကပြောသည်။
“မတ္တရာမြို့လူနာမှာ ပိုးတွေ့တယ်ဆိုတော့ မြို့ပေါ်နဲ့ အနီးဝန်းကျင်က ဈေးတွေ ယာယီပိတ်လိုက်ပါတယ်။ ရက်ပိုင်း လေးလောက်ပါပဲ။ ပျံကျဈေးတွေရောဆိုရင် ဈေးက ၂ မျိုးရှိပြီး လိုအပ်တဲ့အကွာအဝေးနဲ့ ရောင်းချဖို့ အရင်ကတည်းက စီစဉ်ထားတာပါ။မနေ့ညက Positive ဖြစ်သွားလို့ရောဂါပြန့်မှာစိုးတဲ့အတွက်ပိတ်လိုက်ပြီး ကားတွေနဲ့ လိုက်လံ ရောင်းချပေးသွားမယ်”ဟု ၎င်းကပြောသည်။
ဈေးများ ယာယီပိတ်လိုက်သည့်အပြင် အိမ်ဆိုင်များ၊မြို့ပေါ်တွင် လည်ပတ်နေသည့် အခြားလုပ်ငန်းများနှင့် ရေသန့်ပို့ ဆောင်ရောင်းချသည့် လုပ်ငန်းများကိုလည်း ယာယီပိတ်ထားကြောင်း၊ပိုးတွေ့လူနာ၏ မိသားစုဝင်များကို ဧပြီ ၂၃ ရက်ညကတည်းက စောင့်ကြည့်မှုများလုပ်ဆောင်ထားကြောင်းသိရသည်။
“ပိုးတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ဘယ်လိုစည်းကမ်းတွေနဲ့ ဈေးရောင်းမယ်ဆိုတာတွေရှိမယ်။ဈေးတွေက ရက်ရှည်မဟုတ်ဘဲ၂ ရက်လောက်ပဲ ပိတ်မှာပါ။နယ်သဘောအရ အဝင်အထွက်များတော့စိုးရိမ်လို့ပါ။အန္တရာယ် ကင်းအောင်မနေ့ညကစီစဉ်ခဲ့တယ်”ဟု တိုင်းလွတ်တော်ကိုယ်စားလှယ် မတ္တရာမြို့နယ်မဲဆန္ဒနယ်(၂)မှဦးမင်းမင်း ကပြောသည်။
ပိုးတွေ့လူနာအမှတ် ၁၃၂ သည် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်ကတည်းက လေဖြတ်နေသူဖြစ်၍ သွားလာနိုင်ခြင်း မရှိကြောင်း၊မိသားစုဝင်များအပြင် ဆေးကုပေးသည့် ပြင်ပ ဆရာဝန်၊ ကားမောင်းပို့သူများကို မတ္တရာမြို့တွင် Quarantine ထားရှိ စောင့်ကြည့်မှာဖြစ်ပြီး အခြားထိတွေ့သူများကိုလည်း ဆက်လက်စုံစမ်းနေကြောင်းသိရသည်။
















