သီတဂူဆရာတော်ကြီးအစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ခေါ်ဆောင်လာသည့် ရဟန်း၊သီလရှင်နှင့် လူပုဂ္ဂိုလ်ပေါင်း ၂၇၀ အား သီတဂူ(စစ်ကိုင်း)တွင် Quarantine ထားရှိပြီး COVID-19 ပိုးရှိ/မရှိကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနNHLသို့ ဓာတ်ခွဲနမူနာများစစ်ဆေးရန်ပေးပို့ထားရာ ယနေ့ဧပြီ ၂၅ ရက်ညပိုင်းတွင် အတည်ပြုနိုင်မည်ဟု သီတဂူဝိပဿနာအကယ်ဒမီရိပ်သာ အုပ်ချုပ်ရေးဆရာတော် ဒေါက်တာသုန္ဒရက မိန့်ကြားသည်။
ယနေ့နံနက်အစောပိုင်းက သီတဂူမှ စောင့်ကြည့်သူအားလုံး ပိုးမတွေ့(Negative)ဟု သီတဂူအွန်လိုင်းစာမျက်နှာတွင်ထုတ် ပြန်ခဲ့ပြီးနောက် မြန်မာတိုင်းမ်မှ ဆက်သွယ်မေးမြန်းရာ အတည်ပြုနိုင်ရန် ညပိုင်းမှသိရမည်ဟု တာဝန်ရှိ ဆရာတော်က ယခုကဲ့သို့မိန့်ကြားခဲ့သည်။
“အစောပိုင်းကတော့ အားလုံး Negative လို့ အစပိုင်းက သတင်းရလို့ သီတဂူဆိုဒ်မှာတင်ပေးလိုက်တယ်။ တချို့ဟာက Confirm မဖြစ်သေးဘူးလို့လည်းသိရသလို မနေ့က စစ်ပြီးသလောက်ထဲမှာ ပိုးမတွေ့ဘူးပေါ့။စစ်ဖို့ ကျန်တဲ့ လူရှိသေးတယ်ဆိုတဲ့သဘောလည်း ရှိတယ်။ဒီညမှာတော့ သေချာသိရမယ်။စစ်ဖို့က ရန်ကုန်ကျန်းမာရေးဌာနကို ပို့ပြီးစစ်တယ်”ဟု ဆရာတော်က မိန့်သည်။
အိန္ဒိယနိုင်ငံတွင် ပညာသင်ကျောင်းသားရဟန်းတော် ၂၂၀ ပါး၊သီလရှင် ၆ပါးနှင့် ဆေးကုသမှူနှင့်ညဘုရာဖူးလူပုဂ္ဂိုလ် ၄၄ ဦး စုစုပေါင်း ၂၇၀ ဦးကို ဧပြီ၂၂ ရက်က MAI လေကြောင်းလိုင်းမှလေယာဉ် ၂စင်းဖြင့် သွားရောက်ခေါ်ယူခဲ့ပြီး ထိုနေ့ည ၈ နာရီတွင် သီတဂူ(စစ်ကိုင်း)သို့ ရောက်ရှိခဲ့ကာ Quarantine ထားရှိ၍ စားသောက်နေထိုင်ရေးအတွက် သီတဂူသာသနာပြုအဖွဲ့က ဆောင်ရွက်ပေးလျက်ရှိသည်။
“သီတဂူမှာ Quarantine လုပ်ထားသူတွေကို ၂၃ ရက်နေ့မှာ ဓာတ်ခွဲနမူနာတွေ ယူတယ်။ဆေးစစ်တယ်။ဒီကနေ့မှာ အားလုံး Negative ဖြစ်ကြောင်း ကြေညာဖို့မိန့်တယ်။ ၂၁ ရက်ပြည့်လို့ သူတို့ပြန်ရင် ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်လို့ရမယ်။ဆရာတော်ကြီးက တစ်ပါးကို ၂၅ ဒေါ်လာနဲ့၂၇၀ ဦးလုံးကို လှူမှာ”ဟု သီတဂူစတားဆရာတော် ဒေါက်တာ ကောဝိဒသိရီ က မိန့်ကြားသည်။
COVID-19 ပိုးရှိမရှိစစ်ဆေးမှုကို ရန်ကုန်မြို့ အမျိုးသားဓာတ်ခွဲခန်း(NHL)တစ်ခုတည်းမှ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စစ်ဆေးကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ပေးနေခြင်းဖြစ်၍ ယနေ့ညပိုင်းတွင် သီတဂူမှ ပေးပို့ထားသည့်အပေါ် စစ်ဆေးမှူရလဒ်ကို အတည်ပြုနိုင်မည်ဟု ဆိုသည်။
















