မန္တလေးဆေးရုံကြီးတွင် ကုသနေသည့် COVID-19 စောင့်ကြည့်လူနာများအနက် ဧပြီ ၂၄ ရက်နေ့က ၇ ဦးသေဆုံးခဲ့ပြီး ရောဂါအခံရှိသူများဖြစ်ကာ ၎င်းတို့၏ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့အမျိုးသားဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ၃ ဦးမှာ Negative (ပိုးမတွေ့)နှင့် ၄ ဦးမှာ အဖြေမသိရသေးကြောင်း မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်စုစုဒွေးက ပြောသည်။
အဆိုပါဆေးရုံကြီးတွင် မတ်လနောက်ဆုံးပတ်မှစ၍ စောင့်ကြည့်လူနာစုစုပေါင်း ဧပြီ ၂၄ ရက်ထိ၂၇၆ ဦးရှိ၍ ၁၆၇ ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီး Negative အဖြေရရှိသဖြင့် ဆေးရုံမှ ဆင်းသွားပြီဟု ဆိုသည်။
“တစ်ရက်တည်း ဆုံးသွားတာ ၇ ဦးဆိုတော့ များတယ်ပြောရမှာပေါ့။နဂိုရောဂါအခံနဲ့သေဆုံးခဲ့တာပါ။ဆေးရုံရောက်လာ သူတွေက ရောဂါအခံနဲ့ရောက်လာတော့ ရောဂါတာရှည်ခံစားနေရသူတွေ၊အဆုတ်မကောင်းတာတွေရှိမယ်။ကိုယ်ခံ အားနည်းပြီးနဂိုအခံရောဂါရှိတော့ ကိုဗစ်ဖြစ်နိုင်ခြေရှိနိုင်လို့ စောင့်ကြည့် လူနာထဲထည့်ပြီး သံသယလူနာသီးသန့် ဆောင်မှာထားပြီးကုသတယ်။မနေ့ကထိ စောင့်ကြည့်လူနာ ၇၂ ဦးရှိတယ်” ဟု ၎င်းက ပြောသည်။
မန္တလေးဆေးရုံကြီးသို့ရောက်ရှိလာသူများကို ဦးစွာ အရေးပေါ်ဌာနတွင် စစ်ဆေးပြီး အုပ်စု ၂ခုခွဲခြားခြင်းဖြစ်ရာ ဖျားနာနှင့် ပတ်သက်သည့် လူနာနှင့် ခွဲစိတ်ကုသရန်လူနာဖြစ်သည်။ ဖျားနာခြင်း၊ရင်ကြပ်ခြင်း၊မောပန်းခြင်း၊ချောင်းဆိုး ခြင်းရှိသူများကို ထပ်မံခွဲခြားပြီး စောင့်ကြည့်လူနာစာရင်းထည့်ကာ သီးသန့်ကုသဆောင်တွင်သက်ဆိုင်သည့် အထူးကုသမားတော်ကြီးများက ကုသပေးနေသည်။
“ဆေးရုံရောက်လာရင် တစ်ဖွဲ့က ဖျားနာနဲ့ပတ်သက်တာ၊တစ်ဖွဲ့က ခွဲစိတ်နဲ့ပတ်သက်တာ ခွဲလိုက်တယ်။ခွဲစိတ်မှာတော့ များသောအားဖြင့် ကားတိုက်တာ၊ဆိုင်ကယ်တိုက်တာစတဲ့ Accident တွေနဲ့ အူအတက်ရောင်တာမျိုးတွေပါ။ချောင်းဆိုး တာ၊ဖျားတာတွေ စောင့်ကြည့်ပြီးဓာတ်ခွဲမှူအရ Negative အဖြေထွက်သူ၊ တချို့ကျန်းမာရေးပြန်ကောင်းသွားသူတွေကို ဆေးရုံက ပြန်ဆင်းသွားတယ်”ဟု ဆက်လက်ပြောကြားသည်။
မန္တလေးမြို့တွင် Facility Quarantine Center ၃၆ ခုရှိရာ ၁၂၅ ဦးစောင့်ကြည့်ထားရှိပြီး ရွှေပြည်သာဟိုတယ်၌၇ ဦးရှိ၍ မန္တလေးတိုင်းအတွင်း Facility Quarantine Center ၁၀၀၈ ခုတွင် စောင့်ကြည့်ထားရှိသူ၂၄၇၆ ဦးရှိကြောင်း တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ သိရသည်။
















