မန္တလေးဆေးရုံမှ စောင့်ကြည့်လူနာများအနက် ရောဂါအခံဖြင့် ၅ ဦးထပ်မံသေဆုံး

မန္တလေးဆေးရုံမှ စောင့်ကြည့်လူနာများအနက် ရောဂါအခံဖြင့် ၅ ဦးထပ်မံသေဆုံး

မန္တလေးဆေးရုံကြီးတွင် ကုသနေသည့် COVID-19 စောင့်ကြည့်လူနာများအနက် ရောဂါအခံဖြင့် ၇ ဦးသေဆုံးမှူ ဧပြီ ၂၄ ရက်က ဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၂၅ ရက်တွင်လည်း ၅ ဦးထပ်မံသေဆုံးခဲ့ရာ ၂ ဦးမှာ Negative ဖြစ်ကြောင်း မန္တလေးဆေးရုံကြီးမှ သိရသည်။

အဆိုပါဆေးရုံကြီးတွင် မတ်လနောက်ဆုံးပတ်မှစ၍  ဧပြီ ၂၅ ရက်ထိစောင့်ကြည့်လူနာစုစုပေါင်း၃၀၀ ကျော်ရှိ၍  ကျန်းမာရေးကောင်းမွန်သူနှင့် Negative အဖြေရရှိသူများမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီးဧပြီ ၂၅ ရက်ထိ ဆေးရုံတွင် စောင့်ကြည့်လူနာ ၉၂  ဦးရှိသည်ဟု ဆိုသည်။

“ဝေဒနာပြင်းထန်တော့ ဆေးရုံရောက်လာကြတယ်။ သေဆုံးမှုက တစ်ရက်ထဲ ဖြစ်နေပေမယ့် ဆေးရုံရောက် လာ တဲ့ရက်က မတူကြဘူးလေ။ ရောဂါအခံနဲ့တာရှည်ခံစားနေရသူတွေ၊အဆုတ်၊ ကျောက်ကပ်မကောင်းလို့ စတဲ့အခြား အကြောင်းတွေကြောင့်ရှိမယ်။ကိုယ်ခံအားနည်းပြီး နဂို အခံရောဂါရှိတော့ ကိုဗစ်ဖြစ်နိုင်ခြေရှိလို့ စောင့်ကြည့်လူနာထဲထည့်ပြီး သံသယလူနာသီးသန့်ဆောင်မှာ ကုသ တယ်။သေဆုံးသူတွေက မူလရောဂါအခံနဲ့ပါ”ဟု မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်စုစုဒွေးက ပြောသည်။

မန္တလေးဆေးရုံကြီးသို့ရောက်ရှိလာသူများကို အရေးပေါ်ဌာနတွင် စစ်ဆေးပြီး အုပ်စု ၂ခုခွဲခြားခြင်းဖြစ်ရာ ဖျားနာနှင့် ပတ်သက်သည့် လူနာနှင့် ခွဲစိတ်ကုသရန်လူနာဟူ၍ဖြစ်သည်။ ဖျားနာခြင်း၊ရင်ကြပ်ခြင်း၊မောပန်းခြင်း၊ချောင်းဆိုး ခြင်းရှိသူများကို ထပ်မံခွဲခြားကာ စောင့်ကြည့်လူနာစာရင်းထည့်၍ သီးသန့်ကုသဆောင်တွင်သက်ဆိုင်သည့် အထူးကုသမားတော်ကြီးများက ကုသပေးနေသည်။

“ဆေးရုံရောက်လာရင် ဖျားနာလူနာတစ်ဖွဲ့က ခွဲစိတ်နဲ့ပတ်သက်တဲ့တစ်ဖွဲ့မှာခွဲစိတ်က များသောအားဖြင့် ကားတိုက်၊ ဆိုင်ကယ်တိုက်စတဲ့ Accident တွေနဲ့ အူအတက်ရောင်တာမျိုးတွေပါ။ချောင်းဆိုးတာ၊ဖျား တာတွေ စောင့်ကြည့် ပြီး ကိုဗစ်ရှိခဲ့ရင်တောင် တခြားကူးစက်မှုမရှိအောင် စောင့်ကြည့်လူနာအဖြစ်ကုသတယ်။Negative အဖြေထွက် သူ၊ကျန်းမာရေးပြန်ကောင်းသွားသူတွေ ဆေးရုံက ပြန်ဆင်းသွားတယ်” ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

၎င်းတို့၏ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့အမျိုးသားဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့မှူအရ၂ ဦးမှာ Negative ဖြစ်ပြီး ကျန်လူနာများမှာ အဖြေမသိရသေးကြောင်း၊ သေဆုံးလူနာများမှာ မဟာအောင်မြေ၊ချမ်းမြသာစည်၊ ပုသိမ်ကြီး၊စဥ့်ကိုင်နှင့် မတ္တရာမြို့နယ်များမှဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး