COVID-19 ကြောင့် ဗြိတိန်၌ Lock down ချထားသည့်အချိန် အစိုးရ၏လမ်းညွှန်ချက်များကို ချိုးဖောက်၍ ချက်ရှိုင်းယားရှိတိုက်ခန်းတွင် ခပ် ကြမ်းကြမ်းပါတီပေးခဲ့သည့် အီတလီ လူငယ်တိုက်စစ်မှူး မွိုင်ဆီကိန်း၏ လုပ်ရပ်အပေါ် အဲဗာတန်အသင်းက တုန်လှုပ်နေပြီး လက်ခံနိုင်စရာအကြောင်း လုံးဝမရှိဟု ကလပ်ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
အသက် (၂ဝ) အရွယ် မွိုင်ဆီ ကိန်းသည်ယမန်နှစ် နွေရာသီက ဂျူဗင်တပ်စ်မှအဲဗာတန်သို့ပြောင်းရွှေ့ ကြေးပေါင် ၂၄ သန်းဖြင့် ရောက်ရှိလာသူ ဖြစ်သည်။ မွိုင်ဆီကိန်းသည် အဲဗာတန်အသင်း၌ တစ်ပတ်လုပ်ခ ပေါင် ၅ဝဝဝဝ အကျိုးခံစားခွင့်ရနေ သူဖြစ်သည်။
ကိန်းသည် မကြာခင်က နေအိမ်တိုက်ခန်း၌ ပါတီပေးခဲ့ရာ မော်ဒယ်အချို့နှင့်ဧည့်သည်အချို့ ပါဝင်ခဲ့ပြီး အပျော်လွန်ကျူးခဲ့ကြဟု ဗြိတိန်သတင်းများက ပြောသည်။
ပထမအသင်းကစားသမားတစ်ဦးမှာ အစိုးရ၏လမ်းညွှန်ချက်၊ COVID-19 နှင့်ဆက်စပ်သည့်ကလပ် ပေါ်လစီကို သွေဖည်၍ ပြုမူခဲ့ခြင်းကို ကြားသိခဲ့ရာ တုန်လှုပ်မိကြောင်း၊ အလွန်စိတ်ပျက်စရာကောင်းပြီး လက်မခံနိုင်ဟု အဲဗာတန်က ပြောသည်။
ကိန်းသည် ယခုအခါ အသင်း၏ ပြစ် ဒဏ်ချမှတ်ခြင်းကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
မွိုင်ဆီကိန်းသည် အဲဗာတန်အသင်းအတွက် ၂၆ ပွဲ ကစားထားရာ တစ်ဂိုးသွင်းယူထားသည်။
ဗီလာကွင်းလယ်လူ ဂရီရယ် လစ်ချ်နှင့် မန်စီးတီးနောက်ခံလူ ဝေါလ်ကာတို့မှာလည်း အစိုးရ၏ Lock down စည်းမျဉ်းကို ချိုးဖောက်ခဲ့ ကြသည်။















