COVID-19 ကြောင့် ၂ဝ၁၉-၂ဝ၂၀ အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြီးစီး အောင်မကျင်းပနိုင်ပါက ဘဏ္ဍာရေး အကျပ်အတည်းကြောင့်အကျိုးဆက် အနေဖြင့် ကလပ်အသင်းများ ပြိုလဲနိုင်ဖွယ်ရှိကြောင်း ချယ်လ်ဆီး နည်းပြဟောင်းတစ်ဦးဖြစ်သည့် ရုဒ်ဂူး လစ်က သတိပေးပြောကြားခဲ့သည်။
အသက် (၅၇) နှစ်အရွယ် ဒတ်ချ် ကစားသမားဟောင်း ဂူးလစ်သည် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်အထိ ချယ်လ်ဆီး၌ ကစားသမား/နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး နယူးကာဆယ်ကိုလည်း တစ်ရာသီနည်းပြခဲ့ဖူးသူဖြစ်သည်။
COVID-19 ကြောင့် ယခုနှစ် နယ်သာလန်အဆင့်မြင့်တန်းပြိုင်ပွဲကို ဖျက်သိမ်းခဲ့ပြီး ချန်ပီယံအသင်းနှင့် တန်းတက်တန်းဆင်းမရှိခဲ့ပေ။
နယ်သာလန်လိဂ်ဖျက်သိမ်းခဲ့ရသော်လည်း ဘဏ္ဍာရေးကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ပြီး ပရီးမီးယားလိဂ်မှာမူ ရှယ်ယာအင်မတန်များပြား သောကြောင့် လွယ်ကူနိုင်မည်မဟုတ်ကြောင်း ဂူးလစ်က အခိုင်အမာယုံကြည်နေသည်။
ကမ္ဘာ့အချမ်းသာဆုံးလိဂ်အဖြစ် ရပ်တည်နေသော ပရီးမီးယားလိဂ်သည် COVID-19 ကြောင့်ရာသီပြန်မစနိုင်ပါက ရုပ်သံဝင်ငွေ၊ စပွန်ဆာနှင့် ကွင်းဝင်ကြေး စုစုပေါင်း ပေါင် ၁ ဒသမ ၃ ဘီလျံ ဆုံးရှုံးဖွယ်ရှိနေကြောင်း ယုံကြည်ရသည်။
ရွှေ့ဆိုင်းထားရသည့် ပရီးမီးယားလိဂ်ပွဲများကို ပရိသတ်မပါဘဲကစားရန်မှာ နည်းလမ်းတစ်ခုဖြစ် သော်လည်း မည်သို့မည်ပုံကစားပြီး မည်သည့်ရက်၌ ပြန်စနိုင်ရန်မှာ အတိအကျ မသိရသေးပေ။
''ဒတ်ချ်ဘောလုံး လောကဟာ ငွေရေးကြေးရေးပိုင်းအရ ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ ဘာလို့လဲ ဆိုတော့ ရုပ်သံဝင်ငွေက အင်္ဂလန် လောက် မများဘူး။ ပရီးမီးယားလိဂ် အကျိုးစီးပွားက လုံးဝကို ကွဲပြားခြားနား နေတယ်။ ရှယ်ယာအရမ်းများတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဟာ ငွေ ကြေးအမြောက်အမြား ဆုံးရှုံးနိုင်တယ်။ တကယ်လို့ ရုပ်သံဝင်ငွေ မရတော့ဘူးဆိုရင် ကလပ်တွေ ပြိုလဲသွားမှာကို မြင်ယောင်နေမိတယ်'' ဟု ရုဒ်ဂူးလစ်က ပြောသည်။















