မန္တလေးအဝင်တွင် ပိတ်မိနေသည့် တရုတ်ပြန် ၆၀၀ ကျော်ကို နေရပ်ပြန်ပို့ရန် စီစဉ်

မန္တလေးအဝင်တွင် ပိတ်မိနေသည့် တရုတ်ပြန် ၆၀၀ ကျော်ကို နေရပ်ပြန်ပို့ရန် စီစဉ်

မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အစပ်ဖြစ်သည့် ဝက်ဝံရွာအနီးတွင် တရုတ်ပြည်မှ ပြန်လာသော အလုပ်သမား ၆၀၀ ကျော်ကို ယနေ့နံနက်ပိုင်းအထိ မန္တလေးတိုင်းဒေသကြီးဘက်မှ အဝင်မခံသဖြင့် ပိတ်မိနေရာမှ ဧပြီ ၂၆ ရက်(ယနေ့) ညနေ ၃ နာရီနောက်ပိုင်း၌ ကျန်းမာရေးစစ်ဆေး၍ နေရပ်ပြန်နိုင်ရေး စီစဉ်ပေးနေကြောင်း သိရသည်။

အဆိုပါနေရာတွင် ဧပြီ ၂၅ ရက်နေ့က ၁၃၇ ဦးရောက်ရှိနေပြီး ပြင်ဦးလွင်ခရိုင်တာဝန်ရှိသူများက ဝင်ခွင့်မပြု၍  ညအိပ်စောင့်ဆိုင်းခဲ့ရကာယနေ့နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာသူ ၅၀၀ ကျော်ထပ်မံရောက်ရှိလာသဖြင့် ညနေ ၃ နာရီဝန်းကျင်ထိ ပိတ်မိခဲ့ရာ လူမှုရေးအသင်းများနှင့် နီးစပ်သောရွာများမှ ထမင်းထုပ်များ လာရောက်လှူဒါန်းခဲ့ကြသည်။

“ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ်၊နောင်ချိုနယ်စပ်က ဝက်ဝံနားမှာ အဝင်မခံဘဲပိတ်ထားရာက ဒီညနေ ၃ နာရီကျော်လောက်မှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ရောက်လာပြီး မန္တလေးတိုင်းကို အရင်ခေါ်သွားပြီး ကျန်တာကို ဆက်ပြီး စီစဉ်ပေးတယ်။မနက်ဖြန်မှာလည်း ဟိုဘက်ကလည်း လွှတ်ပေးနေမယ်ဆိုရင် အခက်ခဲတွေဖြစ်လာတယ်”ဟု ကူညီဆောင်ရွက်ပေးနေသူ နောင်ချိုမြို့မှ ဦးအောင်က ပြောသည်။

အဆိုပါ ပိတ်မိသူများသည် တရုတ်ဘက်၌ ကြံစိုက်ခင်း၊တစ်သျှူးငှက်ပျောစိုက်ခင်းများတွင် လုပ်ကိုင် နေကြ သော အလုပ်သမားအများစုဖြစ်၍ မန္တလေးတိုင်းအတွင်းနှင့် မကွေး၊စစ်ကိုင်း၊ရေစကြိုတို့မှ ဖြစ်ကြောင်း၊ ၎င်းတို့ တစ်ကိုယ်ရည်ကျန်းမာရေးလိုအပ်ချက်များနှင့် စားသောက်ရေးအခက်အခဲကို အာရှအလင်းရောင် ဆရာတော်၊ကရုဏာလူမှုရေးအသင်း(ဝက်ဝံရွာ)နှင့် နီးစပ်ရာ ကျေးရွာများက ထောက်ပံ့ ကြကြောင်း သိရသည်။

“ဒီလိုမဖြစ်အောင်ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစိုးရတို့ အစောကတည်းက ညှိနှိူင်းပြီး တစ်ဖက်က ရောက်လာမယ့်သူနဲ့ လက်ခံမယ့်သူအဆက်အသွယ်ပြတ်တော့ အောက်ခြေက ဘာလုပ်ရမှန်းမသိဖြစ်တယ်။ အစိုးရ ၂ ခုပေါင်းပြီးလုပ်ဖို့လိုတယ်လို့ ယူဆတယ်၊နောက်ရက်မှာလည်း အများကြီးရောက်လာနိုင်သေးတယ်”ဟု ဆက်လက်ပြောကြားသည်။

ကရုဏာလူမှုရေးအသင်း(ဝက်ဝံ)မှ ဦးဆောင်ဆရာတော်က“ဘုန်းကြီးတို့အသင်းက ပိတ်မိနေတယ်သတင်းကြားတော့ သူတို့အတွက် ထမင်းနဲ့ ကြက်ဥကြော်တစ်လုံး စီသွားလှူတယ်။ဒီညလည်း လှူရဦးမယ်။မနေ့ကကို နောင်ချိုမှာ ၁၂ ဘီးကားနဲ့ လူ ၄၀၀ လောက်ရောက် တယ်လို့ကြားတယ်။ရွာတွေကလည်း လှူကြပါတယ်”ဟု မိန့်ကြားခဲ့သည်။

နောက်ရက်များတွင်လည်း ယခုကဲ့သို့ တရုတ်ပြည်မှ များပြားစွာရောက်ရှိလာနိုင်၍ ယခုကဲ့သို့မဖြစ်ရန် အစိုးရအချင်းချင်းပူးပေါင်း ဆောင်ရွက်ရန်နှင့် ရောက်ရှိလာသူများအား Mask များ၊လက်ဆေးဆပ်ပြာနှင့် ပိုးသတ်ဆေးများဖြင့် ကျန်းမာရေးကာ ကွယ်မှုပြုလုပ်ရန် လိုအပ်ကာ လူမှုရေးအသင်းများထောက်ပံ့မှုက လုံလောက်မှုမရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး