မန္တလေးဈေးချိုတော်ကို မတ် ၂၈ ရက်က စတင်၍ တစ်လခန့်ကြာ ပိတ်ထားခဲ့ပြီး ဆိုင်ခန်းရှင်များအနေဖြင့် မိမိတို့နေအိမ်များတွင် ရောင်းဝယ်ကြရာ၌ လိုအပ်ချက်ရှိလာ၍ ဈေးအတွင်းထားရှိသော ဆေးဝါးပစ္စည်းများကို ဆိုင်ခန်းရှင်များအား ဧပြီ ၂၇ ရက် နံနက်ပိုင်းမှ စတင်ကာ ထုတ်ယူခွင့်ပြုလျက်ရှိသည်။
ဦးစားပေးအဖြစ် ဆေးဝါးနှင့် စားသောက်ကုန်တို့ဖြစ်ပြီးစနစ်တကျထုတ်ယူရေးအတွက် မြို့တော်စည်ပင်သာယာဈေးနှင့် သားသတ်ဌာန၊ဈေးအကျိုးတော်ဆောင် အဖွဲ့နှင့်ဈေးဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ကာ တစ်ကြိမ်လျှင် ဆိုင်ခန်း ၈ ခန်းထုတ်ယူခွင့်ပေးလျက်ရှိသည်။
“ဈေးချိုရုံထဲက ဆေးဝါးပစ္စည်းတွေ၊အချို့ကလည်းကုန်ပစ္စည်းထုတ်ယူချင်တယ်ဆိုလို့ စနစ်ကျဖြစ်အောင် စီစဉ်ပေးခဲ့တယ်။ ဆေးဝါးပစ္စည်းကို ဦးစားပေးထုတ်ပေးပြီးမှ အစားအသောက် ထုတ်ပေးတာပါ။ တစ်အုပ်စုကို လူ ၈ ဦးနဲ့ နာရီဝက်ခွင့်ပြုတဲ့ စနစ်လုပ်ပေးထားတယ်”ဟုု မြို့တော်စည်ပင်သာယာဈေးနှင့်သားသတ်ဌာန ဌာနမှူး ဦးခင်အောင်က ပြောသည်။
ယခုကဲ့သို့ ထုတ်ပေးရာတွင် ဆေးဝါးပစ္စည်းများ၊စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဦးစားပေးထုတ်ပေးခဲ့ပြီး ထုတ်ယူရန်အတွက် ဈေးအကျိုးတော်ဆောင်အဖွဲ့မှ ၁၄၀ ဦးအတွက် ထုတ်ယူခွင့်ပြုရန် တင်ပြလာသဖြင့် ယနေ့ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကာ ထုတ်ယူမှူပြီးပြတ်ပါက ဈေးချိုတော်ရုံတံခါးများ ပိတ်ထားမည်ဖြစ်သည်။
“E ရုံမှာလာထုတ်သူ ၄၀ ကျော်ရှိတယ်။ဆေးအုပ်စုဆိုတော့ အင်္ဂလိပ်ဆေးပါ။အဓိကတော့ ရောင်းချဖို့ပါ။ ဈေး ပိတ်ထားတာ ကြာပြီဖြစ်တော့ စားဝတ်နေရေးအရ ပစ္စည်းတွေက ဈေးမှာစုနေလို့ ထုတ်ယူခွင့်တောင်းခဲ့တယ်။ နောက်ထပ်က ကျန်တဲ့သူတွေ ထုတ်ပေးမယ်။ခုထုတ်ထားသူတွေကို နောက်ထပ် ထုတ်ခွင့်မပေးတော့ဘူး” ဟု ဈေးချိုတော် E ရုံ(သဇင်ရုံ)မှ အကျိုးတော်ဆောင် ဦးဖိုးနီက ပြောသည်။
မြို့တော်စည်ပင်သာယာရေးကော်မတီစီမံခန့်ခွဲမှုအောက်ရှိ ဈေးများအားလုံးကို မတ် ၂၈ ရက်ညနေပိုင်းမှ စတင်၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ပြီး စားသောက်ကုန်နှင့်ဆေးဝါးရောင်းချသည့်ဆိုင်များဖွင့်လှစ်နိုင်သည်ဆိုသော်လည်း ဈေးချိုတော်တွင် ရုံအားလုံးပိတ်ခဲ့ခြင်းဖြစ်ရာ ယနေ့ထိ တစ်လခန့်ကြာမြင့်ပြီဖြစ်သည်။
















