မန္တလေးဆေးရုံကြီး၌ စောင့်ကြည့်လူနာ ၁၂ ဦးသေဆုံးမှုတွင် ၉ ဦးမှာ COVID-19 Negative ဖြစ်

မန္တလေးဆေးရုံကြီး၌ စောင့်ကြည့်လူနာ ၁၂ ဦးသေဆုံးမှုတွင် ၉ ဦးမှာ COVID-19 Negative ဖြစ်

မန္တလေးဆေးရုံကြီး၌ တက်ရောက်၍ COVID-19 စောင့်ကြည့်ခံနေသူများအနက်ဧပြီ ၂၄ ရက်နေ့က ရောဂါအခံ ဖြင့် ၇ ဦးနှင့် ဧပြီ ၂၅ ရက်က ၅ ဦး စုစုပေါင်း နှစ် ရက်အတွင်း ၁၂ ဦးသေဆုံးခဲ့ရာ ၎င်းတို့၏ ဓါတ်ခွဲနမူနာများအား NHL (ရန်ကုန်)သို့ ပို့ဆောင်စစ်ဆေးရာ ဧပြီ ၂၇ ရက် ယနေ့ မွန်းလွဲပိုင်းထိ ၉ ဦး COVID-19 Negative ဖြစ်ကြောင်း မန္တလေးဆေးရုံကြီးမှ သိရသည်။

အဆိုပါဆေးရုံကြီးတွင် မတ်လနောက်ဆုံးပတ်မှ ဧပြီ ၂၆ ရက်နေ့ထိ စောင့်ကြည့်လူနာစုစုပေါင်း ၃၀၀ ကျော်ရှိ၍  ကျန်းမာရေးကောင်းမွန်သူနှင့် Negative အဖြေရရှိသူများမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။

“သေဆုံးတာက COVID-19 ကြောင့်မဟုတ်ဘူးလို့ ပြောချင်တယ်။ NHL မှာ စစ်နေတာကလည်း တစ်နိုင်ငံလုံးမို့  လူများတော့ စောင့်ရတယ်။ သေဆုံးသူတွေမှာ ပြင်းထန်လက္ခဏာနဲ့ နဂိုအခံရောဂါတွေရှိတယ်။ ဆေးရုံရောက် လာသူများတယ်။ Positive လူနာရှိရင် လွတ်သွားမှာစိုးလို့ပါ။အတော်များများ သံသယလူနာ ထည့်စဉ်းစားတာ ပေါ့”ဟု မန္တလေးဆေးရုံအုပ်ကြီးဒေါက်တာစုစုဒွေး ကပြောသည်။

အလားတူ မတ္တရာမှ ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ ၁၈ ဦးမှာလည်း စစ်ဆေးချက်များအရ Negative ဖြစ်ကြောင်းသိရပြီး မန္တလေးဆေးရုံကြီးသို့ရောက်ရှိလာသည့် လူနာများအား အရေးပေါ်ဌာနတွင် စစ်ဆေး၍ ဖျားနာလူနာနှင့် ခွဲစိတ်ကုသရန်လူနာဟု အုပ်စု ခွဲကာ ဖျားနာခြင်း၊ရင်ကျပ်ခြင်း ၊မောပန်းခြင်း၊ ချောင်းဆိုးခြင်းရှိ သူများအား စောင့်ကြည့်လူနာစာရင်းထည့်သွင်းကာ ကုသပေးလျက်ရှိသည်။

ဆက်လက်၍ မန္တလေးဆေးရုံအုပ်ကြီးက “ဝေဒနာပြင်းထန်လို့ ရောက်လာတယ်။ဒီနေ့ရောက်လို့ ဒီနေ့ ဆုံးတာ မဟုတ်ဘူး။သေဆုံးမှုက တစ်ရက်ထဲ ဖြစ်နေပေမယ့် ဆေးရုံရောက် လာ တဲ့ရက်က မတူကြဘူးလေ။ရောဂါ အခံနဲ့ တာရှည်ခံစားနေရသူတွေ၊အဆုတ်၊ကျောက်ကပ်မကောင်းတာတွေနဲ့ ကိုယ်ခံအားနည်းပြီး အခံရောဂါ ရှိတော့ စောင့်ကြည့်လူနာထဲထည့်ပြီး သီးသန့် ဆောင်မှာ သမားတော်ကြီးတွေ ကိုယ်တိုင်ကုသတယ်”ဟု ဆိုသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး