သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ဧပြီ ၂၂ ရက်နေ့က ခေါ်ယူလာသူ စုစုပေါင်း ၂၇၀ ဦးတွင် လူပုဂ္ဂိုလ်တစ်ဦးသာ ပိုးတွေ့(Positive) ဖြစ်ပြီး ကျန်အားလုံးမှာ ပိုးမတွေ့(Negative)ဖြစ်ကြောင်း ဧပြီ ၂၇ ရက် ယနေ့ နံနက်ပိုင်းက တိုင်းကျန်းမာရေးဌာနက အသိပေးလာသည်ဟု သီတဂူဝိပဿနာအကယ်ဒမီရိပ်သာအုပ်ချုပ်ရေး ဆရာတော်ဒေါက်တာ သုန္ဒရ ကမိန့်ကြားသည်။
အဆိုပါ ပိုးတွေ့ရှိ လူပုဂ္ဂိုလ်အား စစ်ကိုင်းကုတင် ၂၀၀ဆံ့ဆေးရုံကြီး သီးသန့်ဆောင်တွင် ကုသမှု ခံယူလျက်ရှိရာ ကျန်းမာရေးကောင်းမွန်ကြောင်းသိရသည်။
“သီတဂူဝိပဿနာအကယ်ဒမီ မှာထားတဲ့ ရဟန်းတော် အားလုံးရော၊သီတဂူဗုဒ္ဓတက္ကသိုလ်မှာထားတဲ့ သူတွေထဲ မှာ တစ်ဦးကလွဲလို့ အားလုံး Negative (ပိုးမတွေ့)ပါ။အားလုံးအိုကေတယ်။Confirm ဖြစ်ပြီ။ပိုးရှိမရှိစစ်ဆေးတာက တိုင်းကျန်းမာရေးက ကူညီဆောင်ရွက်ပေးတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
သီတဂူတွင် Facility Quarantine ထားရှိသူ ရဟန်းအပါး၂၂၀ ၊သီလရှင် ၆ ပါးနှင့် လူပုဂ္ဂိုလ် ၄၃ ဦးအတွက် စားသောက်နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆရာတော်ကြီးသြဝါဒဖြင့် စီစဉ်ဆောင်ရွက်နေပြီး အစိုးရ၊ တပ်မတော်၊ ရဟန်းသံဃာများနှင့် ဒကာဒကာမများအားလုံးက ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
“တိုင်းကျန်းမာနဲ့ တပ်မတော်က ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် နေ့စဉ် အဖျားတိုင်းတာနဲ့ အခြားစောင့် ရှောက်မှုတွေလည်း လုပ်ပေးနေတယ်။တပ်မတော်က သီတဂူ ဝိပဿနာ တက္ကသိုလ်မှာ ရုံးစိုက်ထားတယ်”ဟု ဆက်လက်မိန့်ကြားသည်။
အိန္ဒိယနိုင်ငံတွင် ပိတ်မိနေသော စာသင်သားရဟန်းတော်များ၊ ဘုရားဖူး နှင့် ဆေးကုသသွားရောက်သူများအား သီတဂူဆရာတော်ကြီးအစီအစဉ်ဖြင့် စင်းလုံးငှားလေယာဉ် ၂ စင်းဖြင့် ဧပြီ ၂၂ ရက်နေ့က သွားရောက်ခေါ်ယူ ခဲ့ပြီး သီတဂူ(စစ်ကိုင်း)သို့ ထိုနေ့ည ၈ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး Facility Quarantine ဆောင်ရွက်ထားခြင်း ဖြစ်သည်။
















