မေ ၁၈ ရက်၌ စီးရီးအေအသင်းများ လေ့ကျင့်ခန်းဆင်းခွင့်ရမည်ဟု ကြေညာ

မေ ၁၈ ရက်၌ စီးရီးအေအသင်းများ လေ့ကျင့်ခန်းဆင်းခွင့်ရမည်ဟု ကြေညာ

အီတလီနိုင်ငံဝန်ကြီးချုပ် ဂူဆပ်ပီ ကွန်တီက စီးရီးအေကလပ်များမှာ လာမည့်မေ ၁၈ ရက်(တနင်္လာနေ့)၌ အသင်းလိုက်လေ့ကျင့်ခန်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ အီတလီအစိုးရအာဏာပိုင် များသည် COVID-19 ကူးစက်မှု များရှိနေသောကြောင့် နိုင်ငံအတွင်း Lock Down ချထားခဲ့ရာ ယခုနှစ်စီးရီး အေပြိုင်ပွဲမှာ မတ် ၉ ရက်နောက်ပိုင်း ရွှေ့ဆိုင်းထားရသည်။

ယခုနှစ်စီးရီးအေပြိုင်ပွဲမှာ ပွဲစဉ် ၁၂ ခုကစားရန်ကျန်ရှိနေပြီး ပွဲစဉ် ၂၅ မှ စုစုပေါင်းလေးပွဲမှာလည်းရွှေ့ ဆိုင်းထားရသည်။ ထို့ပြင် COVID-19 ကြောင့်ပင် ကိုပါအီတာလီယာ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ပထမအကျော့ အပြီး အလားတူရွှေ့ဆိုင်းခဲ့သည်။

ကစားသမားများအနေဖြင့် လာမည့် မေလ ၄ ရက်တွင် တစ်ဦးချင်းစီအလိုက် လေ့ကျင့်ခန်း ပြုလုပ်ခွင့်ရမည်ဖြစ် ကြောင်း၊ အသင်းအစုအဖွဲ့အလိုက် လေ့ကျင့်ခန်းများကို မေ ၁၈ ရက်တွင် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲရှေ့ ဆက်နိုင်ရန်ကြိုးစားမည်ဖြစ်ကြောင်း၊ ကစားသမားများ ဖျားနာမည်ကို မလိုလားကြောင်း၊ လုံခြုံမှုရှိသည်ဟု အာမခံနိုင်မှသာ နိဂုံးချုပ်ရေးဖြစ်လာမည်ဟု အီတလီဝန်ကြီးချုပ် ဂူဆပ်ပီကွန်တီက ဧပြီ ၂၆ ရက်ညပိုင်းတွင် တီဗီမှတစ်ဆင့် ကြေညာခဲ့သည်။

ကစားသမားများ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မည်ဖြစ်ရာ စီးရီးအေပြိုင်ပွဲ သည် လာမည့်မေ ၂၇ ရက်မှ ဇွန် ၂ ရက်အတွင်း ပြန်လည်စတင်နိုင်မည်ဟု ယုံကြည်ရသည်။ သို့သော် စီးရီးအေ ပြန်စမည့်ရက်အတိအကျကိုမူ ကွန်တီ က မဆုံးဖြတ်ရသေးပေ။ စီးရီးအေ ပြိုင်ပွဲမှာ ပွဲစဉ် ၂၆ အပြီး ဂျူဗင်တပ်စ်က ၆၃ မှတ်ဖြင့် လာဇီယိုကို တစ်မှတ်ဖြတ် ကာ ဦးဆောင်နေသည်။

အီတလီတွင် ဧပြီ ၂၇ ရက်အထိ COVID-19 ကူးစက်သူ ၁၉ဝဝဝဝ ကျော်နေပြီး ၂၆ဝဝဝ ကျော်သေဆုံး ခဲ့ပြီးဖြစ်ကြောင်း သိရပြီး ရောဂါထိန်းချုပ်ရန်ကြိုးစားနေရသည်။



ဖတ်ရှုမှုအများဆုံး