မန္တလေးတိုင်းမှ COVID-19 ချေးငွေလျှောက်ထားသူ လေးရာကျော်အနက် ၂ ဦးသာရရှိ

မန္တလေးတိုင်းမှ COVID-19 ချေးငွေလျှောက်ထားသူ လေးရာကျော်အနက် ၂ ဦးသာရရှိ

COVID-19 သက်ရောက်မှူကြောင့် ထိခိုက်မှူရှိသော စီးပွားရေးလုပ်ငန်းများအား နိုင်ငံတော်မှ ချေးငွေချထားပေးရာတွင် မန္တလေးတိုင်းမှ လျှောက်ထားသူ ၄၀၀ ကျော်တွင် ၂ ဦးသာရရှိခဲ့သဖြင့် မန္တလေးတိုင်းအတွက် လွန်စွာနည်းပါးသည်ဟု ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(မန္တလေးတိုင်း) MRCCI အတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။

နိုင်ငံတော်မှ COVID-19 Fan ထူထောင်ကာ ငွေကျပ် ဘီလီယံ ၁၀၀ ကို CMP လုပ်ငန်းများ၊ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းများ၊အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ချထားပေးရာ၌ ပထမအကြိမ်နှင့် ဒုတိအကြိမ် ၂ ခုပေါင်းလုပ်ငန်း ၁၉၈ ခုဖြစ်ရာ ရန်ကုန်တိုင်းမှ အများဆုံးဖြစ်သည်။

“မန္တလေးတိုင်းကချေးငွေလျှောက်သူတွေ အချက်အလက်ပြည့်စုံအောင် ဌာနဆိုင်ရာတွေက One Stop အနေနဲ့ ကူညီလုပ်ပေးခဲ့တယ်။အခွန် ၂ နှစ်ပေးဆောင်ပြီးမှ ဆိုတော့ အခွန်သွားဆောင် ကြတယ်။ချေးငွေက ဘယ်မှန်း မသိသေးဘဲ အခွန်ဆောင်လိုက်ရတာ အမြတ်ဖြစ်သွားတယ်။ကိုဗစ်ကာလမှာ ခက်ခက်ခဲခဲလုပ်ခဲ့ကြပြီး ၂ ယောက်ထဲပါလာတော့ စိတ်မကောင်းသလို အားမရဘူး”ဟု ၎င်းကပြော သည်။

အဆိုပါ  ချေးငွေလျှောက်ထားရာတွင် အချက်အလက်ပြည့်စုံရန် ပြည်တွင်းအခွန်များဦးစီးဌာန၊အလယ်အလတ် အဆင့်အခွန်ရုံး၊ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန၊စက်မှုကြီးကြပ်၊စီးပွား/ကူးသန်းဌာန စသည့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စစ်ဆေးခြင်းနှင့် လိုအပ်ချက်များကို အချိန်တိုကာလအတွင်း ပြီးစီးအောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“မန္တလေးမှာ မိရိုးဖလာလုပ်ငန်းများတော့ ငွေစာရင်းဇယားအားနည်းချက်တွေတယ်။အခွန် မဆောင်ရသေးရင် ပြည်တွင်းအခွန်က အခွန်ဆောင်တာ မြန်ဆန်အောင်ကူညီပေးတယ်။ စာရင်းစစ်လက်မှတ်ပါမှဆိုတော့ ဒါကို ရအောင်ကြိုးစားရတော့ ၄ ရက်လောက် ပြေးလွှားလုပ်ခဲ့ကြရတာပါ။လျှောက်ထားတဲ့ ပမာဏကတော့ တစ်ဦး ကို သိန်းရာဂဏန်းကနေ ထောင်ဂဏန်းထိရှိတယ်”ဟု ဆက်လက်ပြောကြားသည်။

ချေးငွေလျှောက်ထားခြင်းကို မတ် ၃၀ ရက်နေ့မှ ဧပြီ ၉ ရက်နေ့ထိသတ်မှတ်ခဲ့ရာ အချိန်တိုအတွင်း သတ်မှတ်ချက် ပြည့်စုံစွာဖြင့် လျှောက်ထားခဲ့ရာ ချထားပေးသည့် ပမာဏမှာ အချို့ချေးငွေရရှိသူများအတွက် အဆင်ပြေသည့် အနေအထားမရှိကြောင်း၊ပထမအကြိမ် ချေးငွေချထားပေးမှူတွင် ၈၈ ဦးချေးငွေရရှိသူများစာရင်း၌ တစ်ဦးမျှ မပါဝင်ခဲ့ဘဲ ဧပြီ၂၈ ရက်က ချထားပေးသည့် ဒုတိအကြိမ်မှသာ မန္တလေးတိုင်းမှ ၂ ဦးသာပါရှိကြောင်း သိရသည်။

မန္တလေးစက်မှူဇုန်စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူးဦးရဲဝင်းအောင်က ပြောကြားရာ၌“COVID-19 က ရန်ကုန် တစ်ခုတည်းမဟုတ်ဘဲတစ်နိုင်ငံလုံးခံစားရတာဖြစ်တယ်။ချေးငွေချပေးတာက အချိုးအစားတစ်ခုနဲ့တော့ ချပေး သင့်တာပေါ့။ခုဟာက ၄၀၀ ကျော်လျှောက်ရာမှာ ၂ ယောက်ထဲဆိုတော့ နည်းလွန်းအားကြီးတယ်။ဒီဘက်က တင်ပြသူတွေမှာ လိုအပ်ချက်ရှိရင်လည်း စေတနာပါပါနဲ့ ပြင်ဆင်ခိုင်းပေါ့။သုံးပုံ နှစ်ပုံလောက်တော့ ပေးသင့်တယ်”ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး