မိုးကုတ်တွင် Quarantine ထားရှိသူ ၁၄၀၀ ကျော်ရှိခဲ့၊ ယနေ့အထိ COVID-19 ပိုးတွေ့သူမရှိ

မိုးကုတ်တွင် Quarantine ထားရှိသူ ၁၄၀၀ ကျော်ရှိခဲ့၊ ယနေ့အထိ COVID-19 ပိုးတွေ့သူမရှိ

မန္တလေးတိုင်း မိုးကုတ်မြို့သို့ ရောက်ရှိလာသူများအား COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် မတ် ၂၅ ရက်မှ စတင်၍ Facility Quarantine နှင့် Home Quarantine ထားရှိ ရာ ဧပြီ ၂၈ ရက် နေ့ထိ ထားရှိသူပေါင်း ၁၄၄၆ ဦးရှိရာ ပိုးတွေ့ရှိသူတစ်ဦး တစ်ယောက်မျှ မရှိကြောင်း မိုးကုတ်မြို့နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ထွန်းလင်းကျော်က ဧပြီ ၂၉ ရက်တွင် ပြောသည်။

Quarantine Center ၆ ခု ဖွင့်လှစ်ထားရာ၌ Facility Quarantine အဖြစ် Center ၆ ခုခွဲခြားထားရှိခဲ့ပြီး ၎င်း မှ ၂၁ ရက်ပြည့်သူစုစုပေါင်း၄၅၄ ဦးရှိကာ ဧပြီ ၂၈ ရက်ထိ Facility Quarantine ထားရှိသူ ၃၁၄ ဦးရှိသည်။

“ခုချိန်ထိ မိုးကုတ်မှာ ပိုးတွေ့တဲ့သူ မရှိသေးပါဘူး။အရင်ကတော့ ပိုးစစ်ဆေးဖို့  မြတ်စေတနာလူမှုရေးအဖွဲ့က ရန်ကုန်ထိ သွားပို့ပေးတယ်။ ခုနောက်ပိုင်းမှာ မန္တလေးဆေးရုံကြီးက တဆင့်ပို့နေပါတယ်။ မိုးကုတ်မှာ ကျန်းမာရေး ဝန်ထမ်းနည်းပေမယ့် ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ မြို့ခံတွေအားလုံးက အားတက်သရော ကူညီကြ တယ်”ဟု ၎င်းကပြောသည်။

မိုးကုတ်တွင် Quarantine  ဆောင်ရွက်ချိန်မှစ၍ ၁၄၄၄၆ ဦးအနက် Facility Quarantine ထားရှိသူ ၇၆၇ ဦးဖြစ်၍ ကျန်ရှိသူများအား Home Quarantine ထားရှိကာ ၄၅၄ ဦးမှာ Quarantine ၂၁ ရက်ပြည့်သွားပြီ ဖြစ် ကြောင်း၊ ဓမ္မရံသီကျောင်း၊ဖောင်တော်ဦး မင်္ဂလာတိုက်၊ ရွှေကူကြီးသိမ်ကုန်းကျောင်း၊ အထက(၁)၊အလက(၁)နှင့် ရှမ်းတောအထက(၂)တို့တွင် Quarantine Center ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

“မန္တလေးဆေးရုံကြိးကနေ အလှည့်ကျ ရန်ကုန်ကို ဓါတ်ခွဲနမူနာပို့နေတာရှိတယ်။မိုးကုတ်ကနေ မန္တလေးဆေးရုံ ကို ဒီနေ့ပို့ရင် နောက်ရက်မနက်မှာ ရန်ကုန်ရောက်မယ်၊ရှေ့မှာလည်း စစ်ဆေးမှုတွေ ရှိနေတော့ စောင့်ရတယ်။ Facility Quarantine ၂၁ ရက်ပြည့်ပြီးရင် အိမ်မှာ Home Quarantine လုပ်တယ်” ဟု ဆက်လက်ပြောကြား သည်။

ပိုးစစ်ဆေးရန်အတွက် ရန်ကုန်သို့ ဓါတ်ခွဲနမူနာများကိုယခင်က မြတ်စေတနာလူမှုကူညီရေးအသင်းမှ ရန်ကုန် ထိ သွားရောက်ပေးပို့ခြင်းဖြစ်ပြီး ယခုနောက်ပိုင်း မန္တလေးဆေးရုံကြီးမှ တစ်ဆင့် စုပေါင်းပေးပို့ ကြောင်း၊ဓါတ်ခွဲ နမူနာ ရန်ကုန်သို့ ရောက်ရှိပြီး ဓါတ်ခွဲအဖြေရရှိရန် ၃ ရက်ခန့်စောင့်ဆိုင်းရကြောင်းသိရသည်။

 

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး