တရုတ်နယ်စပ်ဘက်မှ အလုပ်သမားများနှင့် ထိုင်း နိုင်ငံဘက်မှ မြန်မာအလုပ်သမားများ မန္တလေးတိုင်းဒေသကြီးအတွင်းရောက်ရှိလာမည်ဖြစ်၍ ခရိုင်(၇)ခုတွင် Quarantine Center ၁၀၉၀ ခု ပြင်ဆင်ထားပြီး လူဦးရေ ၄၀၂၃၄ ဦးထားရှိနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနစာရင်းများအရ မန္တလေးတိုင်းဒေသကြီးမှ တရုတ်နိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ ၈၂၃၉ဦး၊ ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်သူ ၂၈၃၃၄ဦးစုစုပေါင်း ၃၆၅၇၃ဦးရှိပြီး ဧပြီလ ၂၈ရက်အထိ ပြန်လည်ဝင်ရောက်လာသူပေါင်း ၂၁၃၁၃ ဦးရှိသည်။
“မန္တလေးမှာပြည်ပကပြန်လာသူတွေ၊ပြည်တွင်းတခြားဒေသကနေလာသူတွေ၊သင်္ကြန်ပိတ်ရက် အတွင်း နေရပ် ပြန်လာတဲ့ဝန်ထမ်းတွေ၊ ပြီးတော့ Positiveလူနာနဲ့ထိတွေ့ခဲ့တဲ့သူတွေကို ထားရှိဖို့အကြမ်းဖျဉ်း ၈ နေရာစီစဉ်ထား ပြီးသူ့ကဏ္ဍနဲ့ သူခွဲခြားစောင့်ကြည့်ထားပါတယ်''ဟု Covid-19 နှင့်ပတ်သက်၍ သတင်းမှန်ပြန် ကြားရေးနှင့် သတင်းမှားဖြန့်ဝေသူ များရှာဖွေဖော်ထုတ်ပြီး သတင်းစောင့်ကြည့်ရေးလုပ်ငန်းကော်မတီဥက္ကဌ၊ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဆိုင်းပန်းဆိုင်က ပြောသည်။
ဧပြီလ၂၉ရက်နေ့အထိ Quarantine ဆောင်ရွက်ထားသူများမှာ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးတွင် ၅၆ ဦး၊အား/ကာသိပ္ပံ ကျောင်းတွင် ရန်ကုန်မြို့မှပြန်လာသူ မန္တလေးမြို့ခံ ၉၅ဦး၊ မန္တလာဒီဂရီကောလိပ်တွင် ဝန်ထမ်း ၁၀၇ဦး၊ သူနာပြုတက္ကသိုလ်တွင် ရန်ကုန်(သီးသန့်)မှပြန်လာသူ အမျိုးသမီး ၃၁ဦး၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွင် အမျိုးသား ၈ဦး၊ရွှေပြည်သာဟိုတယ်တွင် ၁၉ဦး,Royal မင်္ဂလာဟိုတယ်တွင် ၁၈ဦးနှင့် နဒီမင်္ဂလာဟိုတယ်တွင် Positive လူနာနှင့်ထိတွေ့ခဲ့သူ ၁၅ ဦးတို့ဖြစ်ကြသည်။
ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ ဝင်ရောက်လာသူ ၂၀၀၀၀ ခန့်ကို နေရပ်များသို့ ပို့ဆောင်ရန် ယနေ့နံနက်ပိုင်းက မြဝတီမြို့တွင် မြန်မာဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံနေပြီး ၎င်းတို့အနက် မန္တလေးတိုင်းအတွင်းပြန် လာသူများအား ခေါ်ဆောင်ရန်အတွက် လေအိတ်ခရီးသည်ယာဉ် ၆ စီးမှာ ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ရောက်ရှိကာ အဆင်သင့်စောင်းဆိုင်းလျက်ရှိသည်။
















