လားရှိူးမှထွက်လာသည့်ယာဉ်များ မြို့ရှောင်တိုးဂိတ်၌ သတင်းပို့ စာရင်းပေးလက်မှတ်ယူရမည်

လားရှိူးမှထွက်လာသည့်ယာဉ်များ မြို့ရှောင်တိုးဂိတ်၌ သတင်းပို့ စာရင်းပေးလက်မှတ်ယူရမည်

မန္တလေး-လားရှိူးပြည်ထောင်စုလမ်းပိုင်းတွင် လားရှိူးမှ မန္တလေးဘက်သို့ ထွက်ခွာမည့် ယာဉ်များသည် လားရှိူးမြို့ရှောင်တိုးဂိတ်ကိုဖြတ်သန်းချိန်တွင် အဆိုပါတိုးဂိတ်မှထုတ်ပေးသောခရီးဆက်မည့်ဒေသကိုသတင်းပို့ စာရင်းပေးခဲ့သည့်လက်မှတ်အား ရယူရမည်ဖြစ်ပြီး မူဆယ်ဘက်မှ ဆင်းလာသည့် ယာဉ်များလည်း အလားတူ လက်မှတ်ပါရှိရမည်ဟု သိရသည်။

အဆိုပါ လက်မှတ်ပြုလုပ်ခြင်းကို ဧပြီ ၂၉ ရက်က စတင်ခဲ့ပြီး ယာဉ်များအားလုံးပြုလုပ်ပေးရာမှ ယနေ့ မေ ၂ ရက်တွင် ယာဉ်ပေါ်၌ ၄ ဦးထက်ပိုမှသာ လက်မှတ်ရယူရမည်ဟု ဖြေလျှော့ပေးခဲ့ကာ ယင်းလက်မှတ်မပါရှိပါက ခေးနင်းဂိတ်ကို ဖြတ်သန်းခွင့်ပြုမည်မဟုတ်ဟု သိရသည်။

“လားရှိူးကနေ ကျောက်မဲ၊သီပေါ၊မန္တလေးစတဲ့သွားမယ့်နေရာကို စာရင်းပေးရပြီး လက်မှတ်ဖြတ်ပိုင်းယူရတယ်။ လားရှိူးကအထွက် ၁၂ မိုင်အကွာ ခေးနင်းဂိတ်က လက်မှတ်မပါရင် လားရှိူးထိ ပြန်ယူခိုင်းတယ်။ခုလုပ်တဲ့ အစီအစဉ်ကို မသိတဲ့သူတွေမှာ လားရှိူးကို မိုင်၂၀ ကျော်ပြန်သွားရတယ်။ဒီနေ့တော့ အဲဒီလို မဖြစ်တော့ဘူး။သိတဲ့ သူများလာလို့ပါ”ဟု ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုနေမောင်က ပြောသည်။

ယခုရက်ပိုင်း ဧပြီ ၂၉ ရက်မှစ၍ လောက်ကိုင်၊ချင်းရွှေဟော်နှင့် တရုတ်ဘက်မှ နေရပ်ပြန်အလုပ်သမားများ နေ့စဉ်ပျမ်းမျှ ၅၀၀ ကျော်ဝင်ရောက်လာသည့်အတွက် သိန္နီဘက်မှ လားရှိူးမြို့အဝင်တိုးဂိတ်တွင် ၎င်းတို့အား ကျန်းမာရေးစစ်ဆေးမှုအထူးဆောင်ရွက်၍ သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။

“နေရပ်ပြန်အလုပ်သမားသောင်းချီပြန်လာမယ်လို့ သတင်းကြားထားတယ်။မနေ့က(မေ ၁)ဆိုရင် ၈၀၀လောက် လားရှိူးအဝင်တိုးဂိတ်ရောက်လာတယ်။အရင်ရက်ကတော့ ကြုံတဲ့ကားငှားပြီး ကားကြီး/ ကားလေး တွေနဲ့ ဆင်းလာကြတယ်။တစ်စီးမှာ လူ ၄ ဦးထက်ပိုသွားတော့ လက်မှတ်လုပ်ရတယ်။အထက်က ဆင်းလာတဲ့ ကားအများစုက လက်မှတ်လုပ်ပြီးဆင်းကြတာ”ဟု လားရှိူးမြို့မှ ကိုမျိုးက ပြောသည်။

လားရှိူးမြို့သည် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းပိုင်းတွင်ရှိပြီး မြို့အဝင်အထွက်ဂိတ်များ၌ ကျန်းမာရေး စစ်ဆေးမှုများကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိသည်။

လားရှိူးမြို့သို့ အထက်ဘက် သိန္နီမှ လားရှိူးအဝင်တွင် ဟိုပိတ်ကျေးရွာမှ မြို့ရှောင်လမ်းအတိုင်း မန္တလေးဘက်သို့ ဖြတ်သန်းခွင့်ပေးထားပြီး မန္တလေးဘက်မှ လားရှိူးအဝင်ကို မူလလမ်းအတိုင်းဖြတ်သန်းခွင့်ပြုထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး