မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှူဦးစီးဌာနမှ ယနေ့မေ ၂ရက်မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်သည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ သော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိကာ ပိုမိုအားကောင်း၍ လာမည့် ၇၂ နာရီ(၃ ရက်)အတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းသည် မြောက်-အနောက်မြောက်ဘက်သို့ တဖြည်းဖြည်းရွှေ့လျားနိုင်သည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ပါက လိမ္မော်ရောင်သတိပေးချက်ဖြင့် ထုတ်ပြန်သွားမည်ဟု သိရသည်။
“မုန်တိုင်းငယ်ဖြစ်လာဖို့ ၃ ရက်လောက်အားပျိုးနေမှုကို တွေ့ရတယ်။မုန်တိုင်းဖြစ်လာရင် ကနဦးမှာ အနောက် မြောက်ဘက်ကို ရွေ့လျားတယ်။စ ဖြစ်ရင် အဝါရောင်သတင်းနဲ့ ထုတ်ပြန်တယ်။ မြန်မာနိုင်ငံကမ်းရိုးတန်းဘက်တည်လာရင်တော့ လိမ္မော်ရောင် မုန်တိုင်းသတိပေးချက် ထုတ်ပြန်သွားမယ်”ဟု မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ)ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။
မုန်တိုင်းငယ်ဖြစ်လာပါက မိုး/ဇလဌာနမှ မုန်တိုင်းလမ်းကြောင်းနှင့် ၊ ပိုပြီးအချက်အလက်စုံလင်စွာဖြင့် မုန်တိုင်း သတိပေးချက်ထုတ်ပြန်ပေးမည်ဖြစ်ပြီး မုန်တိုင်းရွေ့လျားမှု၊မုန်တိုင်းအင်အားကောင်းမှုအခြေအနေများကို အမြဲမပြတ် ထောက်လှမ်းနေကြောင်း၊ ကမ်းရိုးတန်းမိုးလေဝသနှင့် ပင်လယ်ပြင်မိုးလေဝသအခြေအနေများ၊ ဒေသ အလိုက် မိုးရွာသွန်းနိုင်သည့်အခြေအနေများနှင့် နေ့စဉ်မိုးလေဝသခန့်မှန်းချက်များကို အလေးထားဂရုပြုရမည်ဖြစ်ကြောင်း အကြံပြုပြောကြားသည်။
















