စဥ့်ကိုင်၌ စက်ရုံအလုပ်ရုံ ၆၂ ခုစစ်ဆေးပြီးနောက် A အဆင့်ရ၄၁ရုံ လည်ပတ်ခွင့်ရ

စဥ့်ကိုင်၌ စက်ရုံအလုပ်ရုံ ၆၂ ခုစစ်ဆေးပြီးနောက် A အဆင့်ရ၄၁ရုံ လည်ပတ်ခွင့်ရ

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်အတွင်းမှ စက်ရုံအလုပ်ရုံပေါင်း၆၂ ခုကို လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဌာနဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဧပြီ ၁၈ ရက်မှ ၃၀ ရက်ထိ စစ်ဆေးခဲ့ရာ A အဆင့်ရရှိသော စက်ရုံ အလုပ်ရုံ ၄၁ ခုမှာ မေလ ၆ ရက်မှစတင်ကာ လည်ပတ်ခွင့်ရရှိပြီဖြစ်သည်။

စစ်ဆေးမှုတွင် B အဆင့် ၁၃ ခုနှင့် C အဆင့် ၇ ခု စက်ရုံအလုပ်ရုံများသည် ၁၄ ရက်အတွင်း လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်ပြီးစီးပါက ပြန်လည်စစ်ဆေးကာ တိုင်းအစိုးရခွင့်ပြုချက်ဖြင့် လည်ပတ်ခွင့်ရရှိမည်ဟု စစ်ဆေးရေးအဖွဲ့မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် စဥ့်ကိုုင်မြို့နယ် မဲဆန္ဒနယ်(၂)မှ ဦးလှိုင်ဝင်း ကပြောသည်။

“အဓိကစစ်ဆေးတာက ကျန်းမာရေးလုပ်ဆောင်မှုပါ။ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စံသတ်မှတ်ချက်တွေရှိတယ်။ B နဲ့ C အဆင့်တွေက စံသတ်မှတ်ချက်တွေကို ဒီ ၁၄ ရက်တွင်းမှ ကိုက်ညီအောင် ပြန်လည်လုပ်ဆောင်ပေးရမယ်။ပြီးရင် စစ်ဆေးရေးအဖွဲ့က ပြန်လည်စစ်ဆေးပြီးတော့ တိုင်းအစိုးရထံ ဆက်လက်တင်ပြပါမယ်။ဆိုလိုတာ က အချိန်မကြာပါဘူး။ မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ရင် ဖွင့်ခွင့်အမြန်ရမှာပါ”ဟု ၎င်းက ပြောသည်။

စစ်ဆေးမှုများအရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွန်ကြားချက်များနှင့် ကိုက်ညီမှုရှိ မရှိကို စက်ရုံအလုပ်ရုံများအား အဆင့်သုံးဆင့်ခွဲခြားရာ၌ A အဆင့် ၄၁ ခု၊B အဆင့် ၁၃ ခု၊ C အဆင့် ၇ ခုနှင့် အဆင့်သတ်မှတ်မရသော စက်ရုံ ၁ ခု၊စုစုပေါင်း ၆၂ ခုရှိကြောင်း သိရသည်။

စစ်ဆေးခဲ့သည့် စက်ရုံများတွင် ကွန်ကရစ်စက်ရုံ၊ပီနံအိတ်စက်ရုံ၊ဆိုင်ကယ်စက်ရုံ၊ပလတ်စတစ်စက်ရုံ၊ ရေသန့် စက်ရုံ မွေးမြူရေးအစာတောင့်စက်ရုံ၊ အိမ်သုတ်ဆေးစက်ရုံ၊ကော်စေ့စက်ရုံ၊သံရည်ကျိုစက်ရုံ၊ဂျယ်လီစက်ရုံ၊ ဆေးပစ္စည်းစက်ရုံ၊ပလတ်စတစ်တံဆိပ်ရိုက်စက်ရုံ၊ဖော့ပုံးစက်ရုံ ၊ချည်ဆေးဆိုးစက်ရုံ၊ရေနံဆီချက်စက်ရုံ၊ အမွှေး တိုင်နှင့် စက္ကူစက်ရုံ၊အချိုရည်စက်ရုံနှင့် ကြာဇံ စက်ရုံတို့ ပါဝင်နေသည်။

“စက်ရုံအလုပ်ရုံတွေ စစ်တဲ့အခါ အရင်ကတည်းက ပိတ်ဖို့ထဲ မပါတာတွေကို ဦးစားပေးစစ်ခဲ့တယ်။ အဲဒီစက်ရုံတွေထဲမှာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ စက်ရုံတွေကိုလည်း ပြန်စစ်တယ်။စက်ရုံလည်ပတ်ခွင့် တိုင်းအစိုးရက ခွင့်ပြုပေးတယ်”ဟုမန္တလေးတိုင်းအစိုးရအဖွဲ့ရုံး ညွန်ကြားရေးမှူး ဦးစိန်မြင့်က ပြောသည်။

အလားတူ မန္တလေးစက်မှုဇုန်တွင်လည်း ဌာနဆိုင်ရာနှင့် စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီပါဝင်သော စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အဖွဲ့ ၇ ဖွဲ့ခွဲ၍ စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကာ မန္တလေးတိုင်းအတွင်း ဧပြီ၂၈ ရက်အထိ စက်ရုံအလုပ်ရုံပေါင်း ၃၃၉ ခုစစ်ဆေးပြီးနောက် ၂၈၀ ကို လည်ပတ်ခွင့်ပြုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး