COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုများကြောင့် သကြားကိုပြည်တွင်းသုံးစွဲသူနည်းပါးခြင်း၊ ကမ္ဘာ့ သကြားဈေးကွက်ကျဆင်းနေခြင်းနှင့် ပြည်တွင်းသကြားလက်ကျန်ရှိနေခြင်းအပြင် တရုတ်မှ ဝယ်လိုအားမရှိခြင်းတို့ကြောင့် သကြားဈေးကွက် အကျဘက်ဦးတည်နေကြောင်း သကြားလုပ်ငန်းရှင်များထံမှ သိရသည်။
လက်ရှိကြုံတွေ့နေရသည့် ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အစိုးရနှင့် ဒေသန္တရအမိန့်များအရ စားသောက်ဆိုင်များ ဖွင့်ခွင့်မရှိဘဲ ပါဆယ်စနစ်ရောင်းချစေခြင်း၊ပွဲလမ်းသဘင်များကျင်းပခွင့်မပြုခြင်းတို့ကြောင့် ပြည်တွင်း သကြားသုံးစွဲမှုလည်း ကျဆင်းလာမှုက သကြားဈေးကွက်အပေါ်သက်ရောက်စေသည်ဟုဆိုသည်။
“အရင်ထဲက သကြားလက်ကျန်က ပြည်တွင်းမှာများနေတယ်။ ဒီ၂ နှစ်လောက်မှာတော့ သကြားဈေးတက်စရာ မရှိဘူး။အကျဘက်မှာရှိတယ်။ ကိုဗစ်ကြောင့် လုပ်ငန်းတွေရပ်တာ၊စက်ရုံအချို့ပိတ်တာနဲ့အချိုရည်စက်ရုံ တွေ ဆိုလည်း ပွဲလမ်းမရှိလို့ ရောင်းအားမရှိတဲ့အခါသကြားသုံးစွဲမှုနည်းသွားတယ်။ ဝယ်လိုအားနည်းနေတယ်။ ။ဒီနှစ်မှာလည်း သကြားဈေးအကျနဲ့ ခါးစည်းခံရမှာပါ“ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းဒုဥက္ကဌ ဦးဝင်းဌေးက ပြောသည်။
ပြည်တွင်းထုတ်လုပ်သည့် သကြားဈေးကွက်တွင် ၂၀၂၀ ပြည့်နှစ်စပိုင်းက ပေါင်းသကြားတစ်ပိဿာ ၈၆၀-၈၈၀ ကျပ်ရှိပြီး ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းပိုင်းတွင် ၉၀၀-၉၃၀ ကျပ်ထိ မြင့်တက်လာခဲ့ရာမှ ဧပြီလဆန်းပိုင်းမှစ၍ မေလ ၁ ရက်နေ့တွင် ၈၇၀-၈၈၀ ကျပ်၊မေ၄ ရက်နေ့တွင် ၈၅၀-၈၆၀ ကျပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။
''ပြည်တွင်းထုတ် လုပ်မှုနဲ့ ပြည်တွင်းစားသုံးမှုက ပိုလျှံနေချိန်မှာ ပြည်ပက ဝင်လာပြီးဈေးနှူန်းက သိပ်မကွာဘူး။တရုတ်ပြည်က ပိတ်လိုက်တာ့ သကြားတွေ ပြည်တွင်းမှာ စုပုံနေတာအကြောင်းတစ်ခုပါ။သကြားထုတ်လုပ် မှုအရ ပြည်တွင်းမှာ စုပုံနေတယ်။လက်ရှိမှာ တောင်သူတွေက ကြံပင်တွေ အလကားပေးတာတို့ ဖြစ်နေတော့ သကြားလောက အဆင်မပြေနိုင်သေးဘူး”ဟု သကြားနှင့်သကာရည်များလုပ်ငန်းရှင်အသင်း ဥက္ကဌ (မန္တလေးတိုင်း) ဦးအေးက ပြောသည်။
ပြည်ပမှ သကြားတင်သွင်းခွင့်ရရှိသူများကလည်း စက်ရုံထုတ်လုပ်မှုထက် ပြင်ပသို့ ရောင်းချခြင်းက ပိုမိုအမြတ် အစွန်းရရှိသဖြင့် ဈေးကွက်တွင် ပြည်တွင်းသကြားနှင့် ဈေးမကွာဘဲ ရောင်းချမှုများလည်းရှိနိုင်ကြောင်း သိရသည်။
သကြားဈေးကွက်ကျဆင်းမှူကြောင့် သကြားထုတ်လုပ်သည့်စက်ရုံများကလည်း ယခင် ကြံတစ်တန်လျှင် ၄၂၀၀၀ ဝန်းကျင်မှ ယခုနှစ်တွင် ၃၈၀၀၀ ဝန်းကျင်သာဝယ်ယူသဖြင့် ကြံစိုက်တောင်သူများ တွက်ခြေမကိုက် ဖြစ်နေကြောင်း သိရသည်။

















