အိမ်ဖော်အမျိုးသမီး အက်စစ်နှင့် ပက်ခံရမှုတွင် မင်းရာဇာ၏ယောက်ခမ အာမခံရရှိ

အိမ်ဖော်အမျိုးသမီး အက်စစ်နှင့် ပက်ခံရမှုတွင် မင်းရာဇာ၏ယောက်ခမ အာမခံရရှိ

အိမ်ဖော် အမျိုးသမီးအား အက်ဆစ်ဖြင့် ပက်မှုဖြင့် သရုပ်ဆောင်မင်းရာဇာအပါအဝင် လေးဦးကို  ယနေ့(မေလ ၇) နံနက် ၁၁ခွဲခန့်တွင် မြောက်ဥက္ကလာမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး မင်းရာဇာ၏ ယောက္ခမဖြစ်သူ အာမခံရရှိကြောင်း အိမ်ဖော် အမျိုးသမီးဘက်မှ လိုက်ပါဆောင်ရွက်သူတရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကပြောသည်။

" တရားလိုဒေါ်သင်းသင်းခိုင်က တိုင်စာတစ်စောင်တည်းနဲ့ အမှုဖွင့်တိုင်ကြားခဲ့တာ၊ အမှုဖွင့်ကတည်းက ဦးမောင်မောင်အေး၊ ကိုမင်းရာဇာ၊ မဖူးငုံပွင်နဲ့ ကိုရခိုင်လေး(ခ) ကိုအောင်မြင့်စိုး တို့ ၄ ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၂၆/၃၅၄/၁၁၄ နဲ့ အမှုဖွင့်ခဲ့တယ်၊ အဲ့ဒီတိုင်စာနဲ့ ပထမသတင်းပေးတိုင်ချက်ကို ရဲတပ်ဖွဲ့က အမှုတစ်ခုသက်သက်ခွဲပြီး ဦးမောင်မောင်အေးကို  ရာဇသတ်ကြီးပုဒ်မ ၃၂၅ အရ တရာရုံးကို အာမခံတင်ခဲ့တယ်" ဟု ဦးရောဘတ်ဆန်းအောင်က ပြောသည်။

မင်းရာဇာ၏ ယောက္ခမဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးကို တရားရုံးက ကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးဖြင့် မေ ၇ ရက် ယနေ့ရုံးထုတ်တွင် အာမခံပေးခဲ့ ခြင်းဖြစ်သည်။

"တိုင်စာနဲ့ ပထမသတင်းပေးတိုင်ချက်ကို တရားလိုခွင့် ပြုချက်မရှိဘဲ ရဲတပ်ဖွဲ့က ဓါတ်ပုံမိတ္တူပွား ပိုင်ခွင့်မရှိဘူး။ ဥပဒေနဲ့လည်းမညီဘူး။ ဒါကို ရဲချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး ဌာနကိုတင်ပြမယ်။ အမှုစစ်ရဲအရာရှိလုပ်ဆောင် ချက်ကြောင့် ရဲတပ်ဖွဲ့က တာဝန်ယူဖြေရှင်းပေးရလိမ့်မယ်"ဟု ဦးရောဘတ်ဆန်းအောင်ကပြောသည်။

အဆိုပါ အမှု ၂ မှုစလုံးကို အရှေ့ပိုင်းရိုင်တရားရုံးသို့ လွှဲပြောင်းစစ်ဆေးနိုင်ရန် ဆက်လက်လျှောက် ထားသွားမည်ဖြစ်ပြီး ယနေ့ရုံးချိန်းတွင် မြို့နယ်ဥပဒေရုံး၏ ခွင့်ပြုချက် ကြန့်ကြာမှုကြောင့်အမှုလိုက်ပါခွင့် ပါဝါလျောက်ထားခဲ့နိုင်ခြင်းမရှိကြောင်း သိရသည်၊။