မြောက်ဥက္ကလာ၌ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုမှ တိမ်းရှောင်နေသူကို ဖမ်းမိ

မြောက်ဥက္ကလာ၌ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုမှ တိမ်းရှောင်နေသူကို ဖမ်းမိ

မြောက်ဥက္ကလာပမြို့နယ်တွင် တရားမဝင်လက်နက်ခဲယမ်းများ နေအိမ်အတွင်း သိုလှောင်ထားရှိမှုတွင် ပါဝင်သည်ဆိုသူများအနက် တိမ်းရှောင်နေသူ တစ်ဦးကို မြဝတီမြို့၌ ဖမ်းဆီးခဲ့ကြောင်း မေ ၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

မေ ၆ ရက် ညနေပိုင်းတွင်  မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသက်လင်းဦးပါ တပ်ဖွဲ့ဝင်များနှင့် မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူးသန်းမြင့်ဇော်ပါ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့စခန်း၏ (ပ)၉၈၂/၂၀၂၀၊လက်နက်ငယ်ဥပဒေပုဒ်မ ၂၀ ကွင်းဆက်အမှုမှ မသင်္ကာသူ ပြုံးမောင်မောင်(ခ)ဆံရှည်(၃၂)နှစ် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဇီးတောဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊(ဈ)ရပ်ကွက်၊ စက္ကဝတ်(၃)လမ်း၊ အမှတ်(၂၄၅)နေ ပြည့်စုံဝင်း၏ နေအိမ်၌ တရားဝင်ခွင့်ပြုချက်မရှိဘဲ လက်နက်/ခဲယမ်းမျိုးစုံသို လှောင်ထားကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးစဉ် ပြည့်စုံဝင်းဗိုလ်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ဖခင်ဖြစ်သူ ဦးဝင်းဗိုလ်၊အမိဒေါ်သူဇာနိုင်နှင့် ဇနီး မပိုးအိဖြူတို့ တွေ့ရှိခဲ့သည်။

နေအိမ်အတွင်း စစ်ဆေးခဲ့ရာ နေအိပ်ခန်းအတွင်းမှ လေသေနတ်လေးလက်၊ ကော်စေ့ဖြင့် ပစ်ခတ်သည့် ကော်ပစ္စတိုသေနတ်နှစ်လက်၊ လေသေနတ် ကျည် ၂၅၄၈ တောင့်၊ သံဘောစေ့မျိုးစုံ ၅၆၅၀ စေ့၊ ဓါးမျိုးစုံ ၂၅ လက်၊ ပုဆိန်တစ်လက်၊ ဂျင်ကလိ ၁၉ ချောင်းနှင့် ကျည်မျိုးစုံ ၁၁၁၃ တောင့်တို့ကို သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ ပြည့်စုံဝင်းဗိုလ်ကို ဧပြီ ၂၉ ရက် ည ၁၀ နာရီ အချိန်ခန့်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ စစ်တောင်းတံတားဂိတ်၌ ဖမ်းဆီးရမိခဲ့ကာ ၎င်းကိုဆက်လက်စစ်ဆေးချက်အရ အမှုတွင်ပါဝင်သူ ပြုံးမောင်မောင်(ခ)ဆံရှည်ကို ဆက်လက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မြဝတီခရိုင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိသော ပြုံးမောင်မောင်ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ လွှဲပြောင်းကာ ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။