မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် နေအိမ်ပြင်ပသို့ သွားလာပါက Mask မဖြစ်မနေ တပ်ဆင်ရန်၊ စနစ်တကျ လုံခြုံစွာတပ်ဆင်ကြရန်နှင့် လိုက်နာခြင်းမရှိပါက ကျပ် ၅၀၀၀ ဖြင့် Mask ၂ ခုဝယ်ယူရမည်ဟု ယနေ့(မေ ၈ ရက်)နေ့စွဲဖြင့် တိုင်းအစိုးရအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
Mask တပ်ဆင်သွားလာမှု စနစ်တကျဖြစ်စေရေးအတွက် မေ ၉ ရက်မှ ၁၅ ရက်နေ့ထိ ပညာပေးကာလတွင် လိုက်နာခြင်းမရှိသူအနေဖြင့် Mask တစ်ခုလျှင် ၁၀၀၀ ကျပ်ဖြင့် ၂ ခုဝယ်ယူရမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် Mask တစ်ခုလျှင် ကျပ် ၂၅၀၀ ဖြင့် နှစ်ခု မဖြစ်မနေ ဝယ်ယူရမည်ဖြစ်သည်။
“တချို့ အသိနည်းတဲ့သူတွေက Mask (နှာခေါင်းစီး) မတပ်ချင်ကြဘူး။ တပ်ဖို့ ဝန်လေးတယ်လို့ သူတို့ ယူဆတယ်။ လူတွေက အဝတ်အစားဝတ်တာက အရှက်လုံဖို့ဝတ်သလို အသက်လုံ ဖို့အတွက် နှာခေါင်းစည်း တပ်ရ တာဖြစ်တယ်”ဟု မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
နေအိမ်ပြင်ပ သွားလာချိန်တွင် Mask တပ်ဆင်ရာ၌ စနစ်တကျနှင့် လုံခြုံစွာတပ်ဆင်သွားလာရမည်ဖြစ်၍ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့် အညီအရေးယူဆောင်ရွက်သွားမည်ဟုလည်း အသိပေး ကြေညာချက်တွင် ပါရှိသည်။
















