ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာအလုပ်သမားများအား မြဝတီမြို့ချစ်ကြည်ရေးတံတားအမှတ်(၂)တွင် မေ ၁ ရက် မှ စ၍ ကြိုဆိုရေးစခန်း၂၄ နာရီဖွင့်လှစ်ကြိုဆိုနေသော်လည်း မြန်မာဘက်က အဆင်သင့်မဖြစ်သေးကြောင်း ကောလာဟလထွက်ပေါ်မှုများနှင့် ပတ်သက်၍ ယင်းမှာ မဟုတ်မှန်ကြောင်း မြဝတီမြို့မှ ထိုင်းနိုင်ငံမြန်မာလုပ်သားများအရေး တက်ကြွစွာကူညီပေး နေသူ ကိုဝင်းဇော်က မေ ၈ ရက်က ပြောသည်။
“မြန်မာဘက်မှာ ကြိုဆိုရေး အဆင့်သင့်မဖြစ်သေးဘူးဆိုပြီး ကြားတဲ့အကြောင်း နေရပ်ပြန်သူတွေက ပြောလို့ သိရတယ်။ ဟုတ်မဟုတ် သိချင်လို့ သူတို့က ကျွန်တော့်ဆီကို ဖုန်းဆက်တယ်၊ ချက်ဘောက်ကနေ မေးမြန်းလာ ကြတယ်။ မြန်မာဘက်ခြမ်းမှာ နေရပ်ပြန်တွေ ဘယ်အချိန်ပြန်လာပြန်လာကြိုဆိုရေးက ပိတ်ရက် မရှိ အဆင့်သင့်ရှိနေပါတယ်။ အဆင်သင့်မဖြစ်ဘူးဆိုတာ ကောလာဟလပါလို့ ပြောချင်တယ်”ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ၏ COVID-19 ကာလ ခရိုင်တစ်ခုနှင့်တစ်ခု ဖြတ်သန်းခွင့်ပိတ်ပင်ခြင်းကို တစ်လ ထပ်မံတိုးမြှင့် လိုက်သဖြင့် မြန်မာဘက်သို့ နေရပ်ပြန်သူများ အခက်အခဲ ကြုံတွေ့ရကြောင်း၊ အချို့မှာ လမ်းလျှောက်ဖြတ်သန်းလာရာ မဲဆောက်မြို့အဝင်၌ ထိုင်းဘက်က စစ်ဆေးမှု များနှင့် ကြုံတွေ့ကြရကြောင်း သိရသည်။
“မြန်မာဘက်က အဆင်သင့်ကြိုနေပေမယ့် ဟိုဘက်က မပို့လို့ နေရပ်ပြန်တွေ ရောက်မလာတာလည်း ရှိတယ်။ ကျွန်တော်တို့ ဘက်က တားဆီးတာမရှိဘူး။ မြန်မာဘက် ဝင်လာဖို့ အခက်အခဲရှိရင် လွှတ်တော်ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးအဖွဲ့တွေကို အကူညီတောင်းရင် မြန်မြန်ဆောင်ရွက်ပေးနိုင်မယ်လို့ ယူဆတယ်”ဟု ကရင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်ဘိုက ပြောသည်။
နေရပ်ပြန်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်ထံ ဆက်သွယ်နိုင်မည့် ဖုန်းနံပတ်များကို ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် Website တွင် ရှာဖွေရယူနိုင်ပြီး ၊မြန်မာသံရုံးမှတစ်ဆင့်လည်း ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း၊ ယနေ့ မေ ၈ ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံဘက်မှ နေရပ်ပြန်သူ ၁၀၀ ခန့်ရောက်ရှိလာပြီး ၎င်းတို့၏ နေရပ်အသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
















