မူဆယ်မြို့အဝင် အေးရှားဝေါမောင်းတံဂိတ်တွင် ပေါက်ကွဲမှုဖြစ်

မူဆယ်မြို့အဝင် အေးရှားဝေါမောင်းတံဂိတ်တွင် ပေါက်ကွဲမှုဖြစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-မူဆယ်လမ်းပိုင်း၊ ၁၀၅ မိုင်ဂိတ်မှ မူဆယ်မြို့အဝင်အေးရှားဝေါ မောင်းတံဂိတ်တွင် ယနေ့ည(မေ ၁၁ ) ၈နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆောက်အအုံနှင့် အတွင်းပိုင်းပျက်စီးမှုများရှိပြီးလူထိခိုက်မှု မရှိခဲ့ကြောင်း ဖြစ်စဉ်နေရာသို့ ရောက်ရှိခဲ့သူ ဦးသောင်းထွန်းကပြောသည်။

“ဆိုင်ကယ်ပေါ်ကနေ အထုပ်တစ်ထုပ် ပစ်ချသွားတယ်။ ပစ်ချတော့ ဂိတ်စောင့်နေတဲ့ ကလေးက ဟိုဘက်ဂိတ်ဘက် သွားပြောတယ်။ ဒီမှာ အထုပ်တစ်ထုပ် ပစ်ချသွားတယ်။ ဘာလဲ မသိဘူးလို့ ပေါ့။ခဏအကြာမှာ ပေါက်ကွဲသွားတယ်။ လူထိခိုက်မှုမရှိပေမယ့်တော်တော်ပျက်စီးသွားတယ်။”ဟု ၎င်းကပြောသည်။

အဆိုပါမောင်းတံဂိတ်တွင် ဆိုင်ကယ်လမ်းနှင့် ကားလမ်းအဝင်အထွက်ခွဲခြားထားပြီး ဆိုင်ကယ်လမ်းဘက်မှ ဆိုင်ကယ်တစ်စီးမောင်းလာကာ ပေါက်ကွဲပစ္စည်းပါသော အထုတ်ကို ဆိုင်ကယ်ပေါ်မှာ ပစ်ချမောင်းနှင်သွားခြင်းဖြစ်သည်။

“မူဆယ်အဝင် ဂိတ်မှာဖြစ်တယ်။ ဆိုင်ကယ်နဲ့၂ ယောက်လာပြီး ပစ်သွားတယ်။ တိုးဂိတ်က ဝန်ထမ်းတစ်ဦးတော့ မှန်စလေး နဲနဲ  ထိသွားတယ်။အဲလောက်ပါပဲ”မြတ်ပါရမီ(မူဆယ်)လူမှုကူညီရေးအသင်းမှ ပြောသည်။

အဆိုပါ လားရှိုးဘက်မှ အဝင် ၁၀၅ မိုင် ဂိတ် အေးရှားဝေါ မောင်းတံဂိတ်တွင် ဆိုင်ကယ်လမ်း ကားလမ်း သီးခြားခွဲထားပြီး ယနေ့ဖြစ်ပွားသည့် ပေါက်ကွဲမှုကြောင့် ဂိတ်အတွင်း မှန်များကွဲကျကာ အဆောက်အဦထိခိုက်ခဲ့သည်။

အလားတူ ဧပြီ ၁၂ ရက်နေ့ ည ၁၀ နာရီခွဲခန့်က မူဆယ်မြို့ရှိ MPT ဝန်ဆောင်မှုရုံးတွင် ဖောက်ခွဲမှုြဖြစ်ခဲ့ပြီး ယင်းပေါက်ကွဲမှုအတွင်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး