ပုဇွန်တောင်မြို့နယ်၌ Mask မတပ်သူ  ၁၃ ဦးကို တရားရုံးတင် ဒဏ်ငွေ ကျပ် ၅၀၀၀ အမိန့်ချ

ပုဇွန်တောင်မြို့နယ်၌ Mask မတပ်သူ  ၁၃ ဦးကို တရားရုံးတင် ဒဏ်ငွေ ကျပ် ၅၀၀၀ အမိန့်ချ

ပုဇွန်တောင်မြို့နယ်အတွင်း Covid 19 ရောဂါ ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍   Mask မတပ်သူ  ၁၃ ဦးကို ယနေ့ မေလ ၁၃ ရက်တွင် ပုဇွန်တောင်မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပြီး တရားရုံးက ဒဏ်ငွေ ကျပ် ၅၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

မေ ၁၃ ရက် ယနေ့ နံနက် ၉ နာရီ အချိန်ခန့်မှစတင်ကာ ပုဇွန်တောင်မြို့နယ်အတွင်း မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက Covid 19 ရောဂါကာကွယ်ရေးအတွက် တစ်ကိုယ်ရေသုံး Mask များ တပ်ဆင်အသုံးပြုမှုပျက်ကွက်သူ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။

"Mask မတပ်လို့ဆိုပြီး ပထမအကြိမ် ပညာပေးအနေနဲ့ တရားရုံးမှာ ဒဏ်ငွေ ကျပ် ၅၀၀၀ ဆောင်ခဲ့ရတယ်"ဟု ယနေ့အမှုမှ ဖမ်းဆီးခံရသူ အမျိုးသား တစ်ဦးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ် ၄၅ မြို့နယ်အတွင်း Covid 19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ပြည်သူများအနေဖြင့် Mask တပ်ဆင်အသုံးပြုရန်နှင့် လိုက်နာမှုမ ရှိပါက တရားရုံးသို့ တရားစွဲဆိုတင်ပို့မည်ဖြစ်ကြောင်း သက်ဆိုင်ရာက မေ ၁၂ ရက်နေ့တွင် ညွှန်ကြားခဲ့ပြီး ယနေ့တွင် ဒဏ်ငွေ ကျပ် ၅၀၀၀ ပေးဆောင်ခြင်းကို စတင် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

" နိစ္စဓူ၀ တစ်ခါသုံး Mask တွေ လူတိုင်းသုံးဖို့မဖြစ်နိုင်ဘူး။ ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် အဝတ်နဲ့ချုပ်တဲ့ Mask တွေအသုံးပြုဖို့ ပြောသလို အစိုးရက ချုပ်တဲ့သူတွေဆီက ဝယ်ယူပြီး ပြည်သူတွေကို ဖြန့်ဝေပေးတယ်။ တစ်ဖက်ကလည်း ပညာပေး အစီစဉ်ဆောင်ရွက်ပေးသလို့ တစ်ဖက်မှာလည်း စည်းကမ်းလိုက်နာအောင်ဆောင်ရွက်တာမျိုးပါ။ အခု စနေနေ့မှာ ရေကျော်ဈေးမှာ Mask တွေဖြန့်ဝေပေးဦးမှာပါ"ဟု လွှတ်တော်ကိုယ် စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။