မန္တလေး ဈေးချိုတော်ကဲ့သို့ အလုံပိတ်ဈေးများ မြို့တော်ဝန်စစ်ဆေးပြီးမှ ဖွင့်ခွင့်ပြုမည်

မန္တလေး ဈေးချိုတော်ကဲ့သို့ အလုံပိတ်ဈေးများ မြို့တော်ဝန်စစ်ဆေးပြီးမှ ဖွင့်ခွင့်ပြုမည်

COVID-19 နှင့် ပတ်သက်သည့် ကန့်သတ်မှုများ ဖြေလျော့လာရာ မန္တလေးမြို့တော်စည်ပင်သာယာအနေဖြင့် ဈေးချိုတော်ကဲ့သို့ အလုံပိတ်အဆောက်အအုံဈေးများ ပြန်လည်ဖွင့်လှစ်မည့်ရက် မသေချာသေးဘဲ ကျန်းမာရေး နှင့်ပတ်သက်၍ စီစဉ်ထားမှုများကို မြို့တော်ဝန်ကိုယ်တိုင် စစ်ဆေးပြီးမှ ဖွင့်လှစ်ခွင့်ပေးမည် ဖြစ်ကြောင်းမြို့ တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောသည်။

“ဈေးချိုလို အလုံပိတ်ဈေးတွေက မေ ၁၆ ရက် နောက်ပိုင်းဈေးရောင်းဖို့မဟုတ်ဘဲ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ ညီအောင် ပြင်ဆင်ဆောင်ရွက်ကြမှာပါ။အဲဒါကို ဈေးအကျိုးတော်ဆောင်တွေက ကြပ်မတ်မယ်။ပြင်ဆင်ပြီးသွား ရင် အားလုံးက စည်းကမ်းလိုက်နာတယ်လို့ ဈေးအကျိုးတော်ဆောင်က စည်ပင်ကော်မတီကို တင်ပြလာရင် မြို့တော်ဝန်ကိုယ်တိုင် ဦးဆောင်တဲ့အဖွဲ့က လိုက်ကြည့်မယ်။ကျန်းမာရေး ထိခိုက်မှုမရှိဘူးလို့ ယူဆရင် ဖွင့်ခွင့်ရ မှာပါ”ဟု ၎င်းကပြောသည်။

ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးဆောင်အဖွဲ့မှ ပြင်ဆင်မှုများဆောင်ရွက်ရမှာဖြစ်ပြီး ဈေးရုံအတွင်း လျှောက်လမ်းများတွင် ရောင်းကုန်ပစ္စည်းများမထားရန်၊ ဆိုင်ခန်းရှင်နှင့် အလုပ်သမားဦးရေလျှော့ချရန်၊ ဆိုင်ခန်း ရှင်၊အလုပ်သမားနှင့်ဈေးလာသူများ Mask တပ်ဆင်ရန်၊ဝင်ထွက်ပေါက်များတွင် လက်ဆေးကန်နှင့်ဆပ်ပြာထား ရှိရန်စသည်တို့ ထားရှိရန် ဈေးအကျိုးတော်ဆောင်များမှ ကြီးကြပ် ပြင်ဆင်ပြီးပါက မြို့တော်စည်ပင်သို့ တင်ပြရမည်ဖြစ်သည်။

“ရောဂါအန္တရာယ်လည်း မခံစားရအောင် လွတ်လပ်မှုကိုလည်း တဖြည်းဖြည်း ပိုပြီးကျယ်ပြောလာအောင် စည်းကမ်းတကျနဲ့ ကျန်းမာရေးလမ်းညွှန်ချက်များနဲ့အညီ လိုက်နာကြမယ်ဆိုရင် ဒီအခက်အခဲကို ကျော်လွားနိုင် မယ်။အဲလိုမဟုတ်ဘဲ စည်းကမ်းတွေပျက် ရုတ်ရုတ်သဲသဲနဲ့လုပ်ချင်သလို လုပ်နေရင် ရောဂါကူးစက်မှု မြင့်လာရင် တော့ ကိုယ်ရတဲ့ လွတ်လပ်မှုအခွင့်အရေး စီးပွားရေးတွေ ဆုံးရှုံးနိုင်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဈေးချိုတော်အပါအဝင် စည်ပင်နယ်နိမိတ်အတွင်းမှ ဈေးများကို ဖေဖေါ်ဝါရီ ၂၉ ရက်မှ စတင်ပိတ်ခဲ့ရာ မေ ၁၄ ရက်နေ့ထိ တစ်လခွဲခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိဈေးကွက်မှာ ဆေးဝါးနှင့် အစားသောက်ပြတ်လပ်မှုမရှိ ရန် ဖြည့်ဆည်းပေးနိုင်ခဲ့သော်လည်း အခြားကုန်ထုတ်လုပ်မှုများတွင် လိုအပ်သော အရေးပါသည့် ကုန်ကြမ်းများ ဖြည့်ဆည်းရန်အချိန်ရောက်နေသဖြင့် ဈေးချိုတော်ဖွင့်လှစ်နိုင်ရေးမှာ လိုအပ်ပြီဖြစ်သည်။

“စည်ပင်က ဖွင့်ဖို့ရက်အတိအကျမပြောသေးဘူး။ တိုင်းအစိုးရအဆင့်သာမက ဗဟိုကော်မတီနဲ့ ကျန်းမာရေး ဝန်ကြီးဌာနသဘောထားလိုမယ်။ နယ်တွေမှာ ဈေးတွေဖွင့်နေကြပြီး ကုန်ပစ္စည်းပို့တဲ့ ကားတွေလည်း ၇၀ ရာခိုင်နှုန်း လောက် လည်ပတ်တဲ့အနေအထားမှာ နယ်တွေမှာ ကုန်ပစ္စည်းပြတ်လပ်မှုကြောင့် အော်ဒါတွေ ဈေးချိုကို ဝင် လာတယ်။ဈေးသူဈေးသားအများစုက အများစုက လုပ်ငန်းကို ကိုဗစ်ကာကွယ်ရေးဆောင်ရွက်မှု တွေနဲ ပြန်ဖွင့်ချင်ကြပြီ”ဟု ဈေးချိုတော်အကျိုးတော်ဆောင်အတွင်းရေးမှူး ဦးမျိုးမင်းထွန်းကပြောသည်။

ဈေးဖွင့်ချိန်ကို လျှော့ချသည့်အနေဖြင့် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိနင့် ဈေးအတွင်း လူဥိးရေသိပ်သည်း မှုလျှော့ချခြင်း၊ဈေးအတွင်းထားရှိသော ကုန်ပစ္စည်းအချို့ကို နေအိမ်များတွင် သယ်ယူထားခြင်း၊ဈေးဝယ်နှင့် ခွဲခြားနိုင်ရန် ဈေးသူဈေးသားများနှင့်လုပ်သားများအား လည်ဆွဲကတ်ထုတ်ပေးခြင်း၊ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ဖြင့် ဈေးချိုတော်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး