COVID-19 ကြောင့်ရွှေ့ဆိုင်းထားရသည့် ပြိုင်ပွဲနှင့်ဆက်စပ်၍ အီတလီ စီးရီးအေအသင်း ၂ဝ သည် မေ ၁၃ ရက်က ဗီဒီယိုကွန်ဖရင့်ပြုလုပ်ခဲ့ပြီး လာမည့်ဇွန် ၁၃ ရက်၌ ပြန်စရန်ဆန္ဒမဲပေးခဲ့ကြောင်း အီတလီသတင်းများက ဖော်ပြခဲ့သည်။
စီးရီးအေသည် မတ် ၉ ရက်နောက်ပိုင်း ရွှေ့ဆိုင်ထားရပြီး ယခုအခါ ကလပ်များအနေဖြင့် မေ ၁၈ ရက်မှစ၍ ကျန်းမာရေးစည်းမျဉ်းများလိုက်နာကာ အသင်းလိုက်လေ့ကျင့်ခွင့်ရရှိထားသည်။
သို့သော် ကစားသမားတစ်ဦး သို့မဟုတ် ဝန်ထမ်းတစ်ဦး၌ COVID-19 တွေ့ပါက တစ်သင်းလုံး Quarantine ဝင်ရမည်ဖြစ်သည်။ ဗီဒီယိုကွန်ဖရင့်၌ ကလပ် ၁၆ သင်းက ဇွန် ၁၃ ရက်၌ ပြန်စရန်အဆိုပြုခဲ့ပြီး ကျန်လေးသင်းမှာ ဇွန် ၂ဝ ရက်တွင်ပြန်ကစားလိုနေသည်။
အီတလီအစိုးရ ခွင့်ပြုပါက စီးရီးအေမှာ ဇွန်လတွင် ပြန်လာမည်ဖြစ်သည်။ လိဂ်ရွှေ့ဆိုင်းပြီးနောက် စီးရီးအေကစားသမား ၁၉ ဦး COVID-19 ဖြစ်ခဲ့သည်။















