COVID-19 ကပ်ရောဂါကြောင့် သီရိလင်္ကာနိုင်ငံနှင့် မော်လဒိုက်နိုင်ငံတို့တွင် ပိတ်မိနေကြသည့် သံဃာတော်များ၊ သီလရှင်နှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၈ ဦးတို့သည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့မေ ၁၆ ရက်ည ၇ နာရီက ရောက်ရှိလာရာ သီတဂူ(စစ်ကိုင်း)သို့ ဆက်လက်ပင့်ဆောင် ခေါ်ယူခဲ့ကြောင်း သိရသည်။
သီတဂူဆရာတော်ကြီး၏ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ပေးချက်အရ မြန်မာနှင့် သီရိလင်္ကာနှစ်နိုင်ငံ အစိုးရများ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ခေါ်ယူခဲ့ပြီး သီတဂူဝိပဿနာတက္ကသိုလ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် ဗုဒ္ဓဆေးရုံတို့၌ Quarantine ၂၁ရက် ထားရှိမည်ဖြစ်သည်။
ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအုပ်စုပိုင် Myanmar Airways International တို့ပူးပေါင်း၍ သီရိလင်္ကာနိုင်ငံမှ စာသင်သားသံဃာတော်အပါး (၁၃၀)၊ သီလရှင် (၁)ပါးနှင့် လူပုဂ္ဂိုလ် (၁၇) ဦး၊ မော်လဒိုက်နိုင်ငံမှ လူပုဂ္ဂိုလ် (၂၀) ဦး၊ စုစုပေါင်း ၁၆၈ ဦးကို MAI လေကြောင်းလိုင်းဖြင့် သီရိလင်္ကာနိုင်ငံ၊ကိုလံဘိုလေဆိပ်မှ အခမဲ့ပင့်ဆောင် ခေါ်ယူခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က သံဃာအပါး (၂၁၀) ပါး၊သီလရှင်(၆)ပါးနှင့် လူပုဂ္ဂိုလ် (၄၂) ဦး စုစုပေါင်း ၂၅၈ ဦးကို MAI လေကြောင်းလိုင်းမှ Airbus319 (XY-AGV) နှင့် Airbus320 (XY-ALJ) တို့ဖြင့် အိန္ဒိယနိုင်ငံ၊ဂါယာမြို့မှ ပင့်ဆောင် ခေါ်ယူခဲ့သည်။
















