မန္တလေးစက်မှုဇုန်၌ လုပ်သား ၁၀ ဦးနှင့်အထက်ရှိ စက်ရုံ ၃၄၄ ခု စစ်ဆေးပြီးစီးရာ B အဆင့် ၅၂ ခုကို ပြန်စစ်

မန္တလေးစက်မှုဇုန်၌ လုပ်သား ၁၀ ဦးနှင့်အထက်ရှိ စက်ရုံ ၃၄၄ ခု စစ်ဆေးပြီးစီးရာ B အဆင့် ၅၂ ခုကို ပြန်စစ်

မန္တလေးစက်မှုဇုန်တွင် စက်ရုံများဖွင့်လှစ်လည်ပတ်ရေးအတွက် ကျန်းမာရေးညွှန်ကြားချက်လိုက်နာမှုရှိမရှိ စစ် ဆေးလျက်ရှိရာ မေ ၁၅ ရက်နေ့ထိ စာရင်းများအရ အလုပ်သမား ၁၀ ဦးနှင့်အထက်ရှိသော စက်ရုံပေါင်း ၃၄၄ ခု စစ်ဆေးပြီးစီးသည့်အနက် B အဆင့်စက်ရုံ ၅၂ ခုကို ပြန်လည်စစ်ဆေးနေကြောင်း စက်မှုဇုန်အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။

စစ်ဆေးရေး ပူးပေါင်းအဖွဲ့သည် စစ်ဆေးမှုရလဒ်များကို A အဆင့်၊ B အဆင့်နှင့် C အဆင့်ဟူ၍ သတ်မှတ်ပြီး A အဆင့် စက်ရုံများကို တိုင်းအစိုးရဖွဲ့ထံတင်ပြပြီး လည်ပတ်ခွင့်ပြုကာ B နှင့် C အဆင့်ဖြစ်ပါက ပြန်လည် စစ်ဆေးမှုများလုပ်ဆောင်မည်ဖြစ်သည်။

“စက်မှုဇုန်အတွင်း စစ်ဆေးမှုက အားလုံးမပြီးသေးဘူး။ အလုပ်သမားအင်အား ၁၀ ဦးကနေ ရာချီရှိတဲ့ စက်ရုံတွေ ကို အရင်စစ်ဆေးတယ်။ကျန်တဲ့ အလုပ်သမားနည်းတဲ့ စက်ရုံအလုပ်ရုံတွေကိုတော့ မစစ်နိုင်သေးဘူး။ လိုအပ် ချက် ၃ ခုလောက်ရှိလို့ B အဆင့် စက်ရုံတွေကို ဒီနေ့ ပြန်ပြီးစစ်ဆေးနေတယ်”ဟု ၎င်းက ပြောသည်။

စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်ထွေ/အုပ်၊စက်မှုကြီးကြပ်၊ ကျန်းမာရေးဌာနတို့ပါဝင်ပြီး ယင်းပူးပေါင်းအဖွဲ့ဖြင့် ဧပြီ ၂၅ ရက်နေ့မှစတင်ကာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် ၁၀ ချက် ဆောင်ရွက် ထားမှုကို စစ်ဆေးခဲ့သည်။

“စက်မှုဇုန်စစ်ဆေးမှုက လုံးဝတော့ မပြီးသေးဘူး။ A အဆင့်ဆိုရင် လည်ပတ်ခွင့်ပေးတယ်။ B အဆင့်တွေကို ပြန်စစ်တယ်။စစ်ဆေးတဲ့အခါမှာ ဆောင်ရွက်ပြီးရင်တော့ လည်ပတ်ခွင့်ပေးတယ်။ C အဆင့်ဆိုတာ မရှိဘူး။ အစကတည်းက မပြည့်စုံရင် မစစ်တော့လို့ပါ။စစ်ဆေးမှုအတွက် အကြောင်းကြားပေးဖို့လိုပါတယ်”ဟု စစ်ဆေးရေးအဖွဲ့ဝင် ဦးရဲဝင်းအောင်က ပြောသည်။

“စက်ရုံလည်ပတ်ဖို့ ပြင်ဆင်တာကတော့ သိပ်မခက်ပါဘူး။အရင်ကတည်းက သတ်မှတ်ချက်တွေထဲမှာ ကျန်းမာရေးနဲ့ ပတ်သက်တာတွေလည်းပါတယ်။ ကိုဗစ်ကာလမှာတော့ အထူးလုပ်ရတာတွေရှိတယ်။လူအများနဲ့ လုပ်ငန်း မှာ အားလုံးဂရုစိုက်ရမှာတော့ အသေအချာပဲ”ဟု စားသောက်ကုန်ထုတ် စက်ရုုံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မန္တလေးစက်မှုဇုန်တွင် ဇုန် (၁) ၊ဇုန် (၂) ၊ဇုန် (၃)ဟူ၍ ၃ ပိုင်းရှိ ပြီး ဧရိယာ ၁၈၂၀ ဧကကျယ်ဝန်းကာ စက်ရုံ ကြီး/ လတ် /ငယ် ပေါင်း၁၁၈၀မှ လုပ်ငန်းအမျိုးအစားပေါင်း၂၀ ရှိကြောင်း၊မန္တလေးတိုင်းအတွင်းစက်ရုံပေါင်း ၈၁၃၁ ခုရှိရာ မေ ၁၄ ရက်နေ့ထိ ၁၄၄၉ ခုစစ်ဆေးပြီး၍ ၁၃၄၉ ခုလည်ပတ်ခွင့်ရပြီဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ သတင်းပြန် ကြားရေးထံမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး