အင်းစိန်မြို့နယ်၌ YBS ယာဉ်ပေါ် ခါးပိုက်နှိုက်သူ သုံးဦး ဖမ်းမိ

အင်းစိန်မြို့နယ်၌ YBS ယာဉ်ပေါ် ခါးပိုက်နှိုက်သူ သုံးဦး ဖမ်းမိ

အင်းစိန်မြို့နယ်၌ YBS ယာဉ်ပေါ်တွင် ခါးပိုက်နှိုက်မှု ကျူးလွန်သည်ဆိုသူ (၃)ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း မေ ၁၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံကားမှတ်တိုင်၌ YBS-17 ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်သတင်းရှိသူ ဇင်ဘို၊ အောင်ကျော်ဦး(ခ)ပြုံးရွှင် နှင့် ဆန်းမြင့်အောင် တို့ သုံးဦးကို  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များက ခါးပိုက်နှိုက် မသင်္ကာမှုဖြင့် မေ ၁၆ ရက် နံနက် ၆ နာရီခွဲ အချိန်တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။

၎င်းတို့လက်အတွင်းကိုင်ဆောင်ထားသော Redmi Note 6 Pro အမျိုးအစား ဖုန်း(၁)လုံး၊ Oppo အမျိုးအစား ဖုန်း(၁)လုံးနှင့် ကျပ် ၄၀၀၀၀ တို့ကိုတွေ့ရှိ မေးမြန်းရာ အဆိုပါယာဉ်ပေါ်ပါ အသက် (၃၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်အတွင်းမှ လူကာ၍ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့သည်။

၎င်းတို့ ၃ ဦးကို အင်းစိန်မြို့မ ရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉(နှိုက်) အရအမှုဖွင့်ကာ ဆက်လက်စစ်ဆေးလျက်ရှိသည်။