ကျောက်တန်းမြို့၌ သံချောင်းတင် ကားအောက်အိပ်ပျော်နေသူ အသက် ၁၇ နှစ်အရွယ် ယာဉ်နောက်လိုက်တစ်ဦး ကားကြိတ်ခံရပြီး သေဆုံးခဲ့မှု မေ ၁၈ ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
အဆိုပါနေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ကျောက်တန်းမြို့နယ် TMIT ပြည်ပ ဆိပ်ကမ်း ဝင်းအတွင်း ကားကြိတ်မိသဖြင့် လူတစ်ဦးသေဆုံးကြောင်း သတင်းအရ အမှတ်(၅၄)ယာဉ်ထိန်း တပ်ဖွဲ့နှင့် ကျောက်တန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါဝင်းအတွင်း သံစည်းများတင်ဆောင်ရန်စောင့်ဆိုင်းနေသည့် အဖြူရောင်(၂၂)ဘီး ယာဉ်အောက်၌ ယာဉ်နောက်လိုက် စိုးမိုးကျော်(ခ)ကိုလင်း(၁၇) နှစ်မှာ ဦးခေါင်းပြား ၊ယာနား နှာခေါင်း၊ ပါးစပ်သွေးထွက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
စုံစမ်းချက်အရ သေဆုံးသူ စိုးမိုးကျော်သည် ဦးလေးဖြစ်သူ မောင်းနှင်သည့် အခင်းဖြစ်၂၂ ဘီးယာဉ်ဖြင့် TMIT ပြည်ပဆိပ်ကမ်းဝင်းအတွင်းသို့ သံစည်းများတင်ဆောင်ရန် အတွက် လိုက်ပါ ခဲ့ကြောင်း၊ သံချောင်းတင်ရန် ကားအလှည့်မကျသေးသဖြင့် ကားပေါ်တွင် ၂ ဦးစလုံးအိပ်စောင်နေခဲ့ကြောင်း၊ ထိုသို့စောင့်ဆိုင်းနေခဲ့စဉ် ကိုစိုးမိုးကျော်(ခ)ကိုလင်းမှာ ကားပေါ်မှဆင်းသွားခဲ့ကြောင်း၊ သံစည်း တင်ဆောင်ရန်အလှည့်ကျ သည့်အတွက် ကားလေပေါင်တင်နေစဉ် ယာဉ်မောင်းက ကိုစိုးမိုးကျော်(ခ)ကိုလင်းကို ဖုန်းဆက်ခေါ်ရာမကိုင်သဖြင့် သံစည်းများတင်ဆောင်ပြီးမှဆက်ခေါ်မည် စိတ်ကူးဖြင့် သံစည်းများတင်ရန် ကားကို ရှေ့သို့ ဘီးလှိမ့်စဉ် နောက်ယာဉ်များ၏ ဟွန်းတီးသံများကြောင့် ယာဉ်ပေါ်မှဆင်းကြည့်ရာ ကား၏နောက် ဝဲဘက်ဘီးဖြင့် ကားအောက်၌ ဖုန်းနားကြပ်တပ်ပြီး အိပ်ပျော်နေသော ယာဉ်နောက်လိုက် ကိုစိုးမိုးကျော်(ခ)ကိုလင်းကို ကြိတ်မိ ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။
ကျောက်တန်းမြို့မရဲစခန်းက ယာဉ်(ပ) ၁၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၄-က အရအမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိသည်။
















