ကိုဗစ်ကာလအတွင်း ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ မန္တလေးမြို့မှ ဟိုတယ်မိုတယ်များ ဖွင့်လှစ်ခွင့်ရသော်လည်း ဟိုတယ်မိုတယ်အချို့ ဖွင့်လှစ်ရန် အစီအစဉ်မရှိနိုင်သေးကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)ဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောသည်။
မန္တလေးတွင် ဟိုတယ်မိုတယ် တည်းခိုခန်းပေါင်း ၂၉၀ ခန့်ရှိရာ ဖွင့်လှစ်ရန် အစီအစဉ်ရှိသော ဟို ၁၅ ခုခန့် သာရှိသေးပြီး ဖွင့်လှစ်ခွင့်ရရှိရေးအတွက် စစ်ဆေးရေးအဖွဲ့က လိုက်လံစစ်ဆေးပြီးလျှင် ဖွင့်ခွင့်ရရှိမည်ဟု သိရသည်။
“တချို့က ဖွင့်လို့ရရင် ဖွင့်ချင်တယ်။တချို့က မဖွင့်ချင်ဘူး။မဖွင့်ချင်တာက ကိုဗစ်ဖြစ်ပွားနေချိန် ရော ဂါပြန့်သွားမှာကြောက်တယ်။ဝန်ထမ်းတွေက ဒီမှာနေကြပေမယ့် ဝင်လာတဲ့ ဧည့်သည်က စိတ်မချနိုင်ဘူး။ ပြန့်ပွားမှုဖြစ်မှာ စိုးတယ်။ဟိုတယ်တစ်ခုလုံး လော့ဒေါင်းထိသွားရင် ပိုပြီးအခက်အခဲဖြစ်မှာ စိုးရိမ်ကြတယ်။ဒီကာလမှာ အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့မဖွင့်ချင်ဘူး။ နောက်တစ်ခုက ဧည့်သည်လည်းမရှိသလောက်နည်း မယ့် အခြေအနေပါ”ဟု ၎င်းက ပြောသည်။
ဟိုတယ် မိုတယ် တည်းခိုခန်းများဖွင့်လှစ်ရေးအတွက် မန္တလေးတိုင်းတွင် ဒုတိယဦးစားပေးအဖြစ် ထည့်သွင်း ထားရာ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဟိုတယ် မိုတယ် တည်းခိုခန်းများဖွင့်လှစ်ရေး လိုက်နာရမည့် အချက်ပေါင်း ၅၀ ကျော်ကို ထုတ်ပြန်ထားရာ ကျန်းမာရေးဌာန၊ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊မြို့ နယ်ထွေ/အုပ်၊ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က လိုက်လံစစ်ဆေးကာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။
“စည်းကမ်းတွေက ထိတွေ့မှုနည်းအောင်အကုန်လုပ်ထားရမှာပါ။တချို့ဟိုတယ်တွေကတော့ မဖွင့်သေးဘူး။ တချို့ ကဖွင့်ဖို့ ပြင်ဆင်နေပြီ။တချို့ မဖွင့်ချင်တာက ခရီးသွားလုပ်ငန်းတွေရပ်တန့်သွားတော့ ပြန်ဖွင့်ရင်လည်း အရင်လို ဧည့်သည်ကရှိမှာမဟုတ်ဘူး။ရှိရင်လည်း ပြည်တွင်းခရီးသွားလောက်ပဲ။ကိုယ်ပိုင်မဟုတ်ဘဲ ငှားဖွင့်တဲ့သူတွေကတော့ ဖွင့်ချင်နေပါပြီ”ဟု MHPA(Myanmar Hospitality Professionals Association)မန္တလေးဇုန် ဥက္ကဋ္ဌ ဦးစိုးသူရက ပြောသည်။
ဖွင့်လှစ်လိုသူများမှာ Long Stay ဧည့်သည်များရှိထားခြင်းနှင့် ဧည့်သည်လာရောက်ရန် ရှိနေခြင်းတို့ကြောင့်ဖြစ်ပြီး အချို့ဟိုတယ်များတွင် ကျန်းမာရေးဝန်ထမ်းများရှိနေခြင်း၊ကုမ္ပဏီဧည့်သည်များရှိနေခြင်းတို့ကြောင့် ဖွင့်လှစ်လိုသောဟိုတယ် မိုတယ်များရှိနိုင်သည်။
ဖွင့်လှစ်ခွင့်တောင်းဆိုသည့် ဟိုတယ် ၁၅ ခုခန့်ရှိပြီး ဟိုတယ်မိုတယ် အားလုံးဖွင့်လှစ်ရန် မဖြစ်နိုင်သေးကြောင်း သုံးသပ်မှုများလည်း ရှိသည်။
“ဝန်ထမ်းတွေဘက်က ကြည့်ပြီးဖွင့်ချင်ရင် ဝန်ထမ်းနည်းနည်းနဲ့ အထိုက်အလျောက်ပေးပြီး ဖွင့်လိုက်တော့ ရောဂါကို ထိုင်စောင့်သလိုဖြစ်မှာ စိုးတယ်။ဟိုတယ် လုပ်ငန်းရှင်တွေက ဝန်ထမ်းတွေ အရင်လို အများကြီး မထားနိုင်တော့ဘူး။ကြောက်တာက ရောဂါဖြစ်လာရင် သူတို့ မိသားစုလည်းရှိတော့ သူတို့ အိမ်မပြန်နိုင်ရင် ဒုက္ခအများကြီးရှိနိုင်တယ်” ဟု မန္တလေးဇုန်ဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောသည်။
ဟိုတယ်ပိုင်ရှင်တစ်ဦးက ပြောကြားရာတွင် “ကိုဗစ်က မပြီးသေးဘူး။ခုချိန်မှာ ဖွင့်လိုက်ရင် အခြားကိစ္စတွေ လည်း ရှိတယ်။ ကျွန်တော်ကတော့ စိုးရိမ်လို့ မဖွင့်ရသေးဘူး။ ပိုက်ဆံလည်း ဧည့်သည်ဆီက မမျှော်ရဲသေးဘူး။ တချို့ က အငှားနဲ့ ဖွင့်တယ်။ဘဏ်ချေးငွေနဲ့ သိန်းတစ်သောင်းချေးထားရင် အတိုးက တစ်လသိန်း ၈၀ ကျော် ပိတ်ရက်မှာ ပေးနေရမှာ။ ဝန်ထမ်းစရိတ်နဲ့ လျှပ်စစ်မီးတို့ စတဲ့ထိန်းသိမ်းစရိတ်တွေရှိသေးတယ်”ဟု ဆိုသည်။
















