မိုးကုတ်မြို့နယ် ပြောင်ဂေါင်းစိမ်းရွာမှ  ကျောက်မျက်လုပ်ကွက်ဟောင်း ပြိုကျမှု ထိခိုက်ဒဏ်ရာမရှိဟုဆို

မိုးကုတ်မြို့နယ် ပြောင်ဂေါင်းစိမ်းရွာမှ  ကျောက်မျက်လုပ်ကွက်ဟောင်း ပြိုကျမှု ထိခိုက်ဒဏ်ရာမရှိဟုဆို

မိုးကုတ်မြို့နယ် ရွာသာယာရွာအုပ်စု၊ပြောင်ဂေါင်းစိမ်းရွာမှ ပြောင်ဂေါင်းစိမ်းကျောက်မျက်လုပ် ကွက်ဟောင်း သုံးခုမှ မေ ၂၀ ရက် ညနေ ၄နာရီ ၁၅ မိနစ်ခန့်က မြေသားပြိုကျခဲ့ရာ ထိခိုက်ဒဏ်ရာမရှိကြောင်း မိုးကုတ်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမိုးက ပြောသည်။

အဆိုပါပြိုကျမှုမှာ မိုးကုတ်မြို့မှ ၁၅ မိုင်ခန့်ဝေးပြီး လုပ်ကွက် တွင်းဟောင်းတစ်ခုဖြစ်ပြီး အတွင်းမြေသား ဂလှိုဏ်များ ရှိရာက မြေသားများအိကျရာက ပြိုသွားခြင်း ဖြစ်သည် ဟုဆိုသည်။

“ဖက်စပ် လုပ်ကွက်တွင်းအဟောင်းက မြေသားတွေ အိသွားတာပါ ။ပြိုတာလည်း မဟုတ်ပါဘူး။ လူတွေ ပိတ်မိတာ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ လုပ်ကွက်ဟောင်းတွေမှာ ဒေသခံတွေ ကျောက်ဝင်ရှာတာမျိုးတော့ ရှိတယ်”ဟု ၎င်းကပြောသည်။

မိုးကုတ်မြို့နယ်တွင် ပြီးခဲ့သည့် ရက်များက မိုးရွာသွန်းမှုများရှိခဲ့ရာ တွင်းဟောင်း ၃ ခုတွင် မြေသားများအက်ကြောင်းဖြစ်လာပြီး တဖြည်းဖြည်းနှင့် အိကျလာကြောင်း၊မြေပြင်အနေအထားအရ အပေါ်ယံ ပြန့်ပြူးနေသော်လည်း မြေအောက်အတွင်းပိုင်းတွင် လှိုက်စားမှုများရှိကြောင်းသိရသည်။

“မိုးရွာထားလို့ မြေသား အက်တာက မနေ့က နေ့လယ်ပိုင်းကတည်းက တွေ့တယ်။တဖြည်းဖြည်း အိပြီးပြိုသွား တာ။ ထိခိုက်မှုမရှိပါဘူး။အရင်က ပြောင်ဂေါင်းစိမ်းဒေသပေါ့။ ဦးပိုင်လုပ်ခဲ့တဲ့ လုပ်ကွက်ဟောင်းဘေးက အပေါ် မြေသားအက်လာပြီး တွင်းဟောင်းသုံးခုမှာ မြေဖို့သွားတယ်”ဟုရွာသာယာ ကျေးရွအုပ်ချုပ်ရေးမှူး ဦးကြည်စိုး ကပြောသည်။

၁၉ ရက်နေ့ မွန်းလွဲပိုင်းက မြေသားအက်ကွဲမှုကို ဒေသခံများကတွေ့ရှိခဲ့ပြီးနောက် အန္တရာယ်ရှိသည့် အနေ အထားဖြစ်၍ ယင်းလုပ်ကွက်ဟောင်းနေရာတွင် ကျောက်မျက်ရှာဖွေခြင်းမပြုလုပ်ကြဘဲ ပြိုကျချိန် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အနီးနားမှ နေထိုင်သူများ ရောက်ရှိခဲ့ကြပြီး ထိခိုက်ဒဏ်ရာနှင့် တွင်းပိသူမတွေ့ရှိခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး