မူဆယ်မြို့နှင့် အနီးဝန်းကျင်မှ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

မူဆယ်မြို့နှင့် အနီးဝန်းကျင်မှ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကောင်းမှုတုံရပ်ကွက်နေ ဦးစိုင်းထွန်းလူ၏ နေအိမ်အား မေ ၂၁ ရက် ယနေ့ နံနက် ၁ နာရီခွဲခန့်တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ အိပ်ခန်း အတွင်းမှ ဘာရက်တာပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၉ မမကျည် ၁၀၀ တောင့်၊ စက်လတ်(ဘောက်ဝိုင်းပါ) ၁ လက်၊ အမ်- ၂၂ ကျည် ၈၇ တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး ၃ လုံးအား သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယင်းနေ့ နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဟိုမွန်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းမကြီးပေါ်၌ ကားဘီးပေါက်၍ လမ်း၏ ဝဲဘက်တွင် တိမ်းမှောက်လျက်ရှိသော မတ်စ်တူးအမျိုးအစား မော်တော်ယာဉ်အမှတ်၊ 7F/--- ယာဉ်အားတွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။

ယာဉ်မောင်းအား မတွေ့ရှိရှိဘဲ ၎င်းယာဉ်၏ နောက်ဖုံးအတွင်းမှ ပါရိသေနတ် ၁ လက်၊ ဖိုက်ဘာကျည်အိမ် ၁ ခု၊ ၎င်းကျည် ၂၅ တောင့်နှင့် ပွိုင့်- ၂၂အရှည်(တစ်တောင့်ထိုး)သေနတ် ၁ လက်တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
    
နေအိမ်အတွင်း လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ ဦးစိုင်းထွန်းလူအပါအဝင် လက်နက်၊ ခဲယမ်းများနှင့် မော်တော်ယာဉ်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မူဆယ်မြို့မရဲစခန်းသို့စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်းသတင်းရရှိသည်။