တိုက်စစ်မှူးတစ်ဖြစ်လဲစေတနာ့ဝန်ထမ်းသူရဲကောင်းများ

တိုက်စစ်မှူးတစ်ဖြစ်လဲစေတနာ့ဝန်ထမ်းသူရဲကောင်းများ

မုန်တိုင်းရက် မရောက်လာခင် နောက်ဆုံးလက်ကျန် နေအပူရှိန်ကအိမ်၊ အမိုးအကာအောက်တွင် နေသူတို့ကိုပင် ချွေးဒီးဒီးကျစေသည်။တချို့ရက်များတွင် ၄၂ ဒီဂရီ စင်တီဂရိတ်ထိအောင်ပင် အပူရှိန်ပြင်းလှသော ရန်ကုန်မြို့၏ လမ်းကလေးများထဲတွင် ဖြူဆွတ်နေသောဗိုင်းရပ်စ် အကာအကွယ်ဝတ်စုံကို တစ်ကိုယ်လုံးအပြည့် ဝတ်ဆင်ထားသည့်လူငယ်များကတော့ ကမ္ဘာကိုကာကွယ်မည့် စူပါပါဝါအစွမ်းရှိလှသည့်လူသားများပမာ အပူဒဏ်ကို သတိပင်မမူကြချေ။

ပခုံးပေါ်ထမ်းထားရသည့် တာဝန်က ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများကပ်ငြိနေနိုင်သည့် နေရာများကို အများသူငါ ထိတွေ့မကူးစက်နိုင်စေရန်ပိုးသတ်ဆေးများ ဖြန်းရသည်ပင်။ထိုစေတနာရှင်အဖွဲ့တွင် စမ်းချောင်းမြို့နယ်မှ လူငယ်ဓာတ်ပုံဆရာစိုင်းသုတထွန်းလည်း ပါဝင်သည်။ သူက ကိုဗစ်-၁၉ ကြောင့် အလုပ်မှခေတ္တနားနေရသည့်အချိန်တွင်- စမ်းချောင်းမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့တွင်လုပ်အားပေးအဖြစ် ဝင်ရောက်ခဲ့သည်။ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊စျေးများတွင် ပိုစတာများ လိုက်လံကပ်ပေးခြင်းနှင့် ကိုဗစ်အတည်ပြုလူနာနေထိုင်ရာ အဆောက်အအုံတို့ကို ပိုးသတ်ဆေးဖြန်းပေးရသည့်အလုပ်ကို နေပူပူအောက်တွင် ချွေးသံတရွှဲရွှဲဖြင့် လုပ်ဆောင်ပေးရခြင်းဖြစ်သည်။

''ပီပီအီး အကာအကွယ်ဝတ်စုံ ဝတ်ထားရင် အရိပ်ထဲမှာပဲထိုင်နေဦးတော့ ချွေးနဲ့ ရေချိုးထားသလိုဖြစ်နေပြီ။ ပူတာကတော့စကားနဲ့ပြောလို့မရလောက်အောင် တော်တော်ပူတာ။ ဒါပေမဲ့ ကျွန်တော့်ခေါင်းထဲမှာ လုပ်အားပေးလုပ်ဖို့က အဓိက။ ပူတာ မပူတာ ခေါင်းထဲမထားဘူး။ ပူရင်လည်း စိတ်ထဲမှာပဲ ကျိတ်ပြီးနေတယ်။ အဓိက ကျွန်တော်လုပ်ချင်တာက လုပ်အားပေးလုပ်ရဖို့'' ဟု စမ်းချောင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ လုပ်အားပေး စိုင်းသုတထွန်းက ဆိုသည်။အဆောက်အအုံထဲက လူအများထိတွေ့ထားသည့် လှေကားလက်ရမ်းတွေနဲ့ ကိုဗစ်အတည်ပြုလူနာ သွားလာခဲ့သည့် နေရာတွေကို ပိုးသတ်ဆေးဖြန်းသည့်အခါ ပီပီအီးအကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားရပြီးလုပ်ငန်းပြီး၍ ဝတ်စုံချွတ်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ကို ရေကူးကန်ထဲပစ်ချလိုက်သလို ပေါ့ပါးသွားသည်ဟု သူကဆိုသည်။သက်ကြီးအဘိုးအဘွားများ ရှိသော သူ့မိသားစုက သူ လုပ်အားပေးအလုပ် လုပ်ဖို့ကို သဘောမတူပေ။ သို့သော် အော်လံကိုင်ကာအသိပညာပေးလက်ကမ်းစာစောင်များ လိုက်ဝေသည့်အလုပ်၊ ပါးစပ်နှင့်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ရန် ရပ်ကွက်နေပြည်သူများကိုလိုက်လံအသိပေးရသည့် အလုပ်အပြင် အိမ်များနဲ့ အဆောက်အအုံများကိုပိုးသတ်ဆေးဖြန်းပေးရသည့် အလုပ်ကို လုပ်အားပေးရသဖြင့် သူကပျော်နေသည်။

''ခံစားချက်ကတော့ ပျော်တယ်။ ကျွန်တော်တို့က ကူညီပေးတဲ့အတွက်သူတို့က ကျွန်တော်တို့ကို မေတ္တာပြန်ပေးတယ်။ သူတို့ရှေ့မှာ ယက်ခပ်နေရင်တောင် သူတို့က အလိုက်တသိလေးနဲ့ ရေဘူးလာပေးတယ်။ ပန်ကာလာဖွင့်ပေးတယ်။ ယပ်လာခပ်ပေးတယ်ဆိုတော့ ပီတိဖြစ်တာပေါ့'' ဟုသူကပြောသည်။ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြတ်စေတနာပရဟိတအသင်းမှလုပ်အားပေး လူငယ်တစ်ဦးဖြစ်သည့် ကိုထွန်းအောင်လှိုင် တစ်ယောက်လည်း ထိုနည်းတူပင်။ မြတ်စေတနာပရဟိတအသင်းကို တောင်ကြီးမြို့ပေါ်ရှိ ဆေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့်တောင်ကြီးတက္ကသိုလ်မှ ကျောင်းသားလူငယ်များ တည်ထောင်ခဲ့သည်။

ကိုဗစ်အတည်ပြုလူနာ မြန်မာပြည်တွင် စတင်တွေ့ရှိပြီး သိပ်မကြာမီတွင် တောင်ကြီးမြို့နယ်တွင် ဆန် နှင့် အစားအသောက်များ အလုအယက်ဝယ်စုကြသည်။ စည်ကားနေသည့် တောင်ကြီးမြို့ကြီးလည်း ခဏအတွင်းငြိမ်ကျသွားခဲ့သည်။ ထိုအချိန်မှစကာ တောင်ကြီးမြို့တွင်လည်းကိုဗစ်ကာကွယ်ရေးကို မြို့ခံပရဟိတအသင်းများက သင်တန်းများပေးရင်းအင်တိုက်အားတိုက် လုပ်ဆောင်ကြတော့သည်။ပိုးသတ်ဆေးမှုန့်တွေကို ကိုယ်ပိုင်ရန်ပုံငွေနှင့် ဝယ်ယူကာ တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်တစ်ဝိုက်ရှိ ရပ်ကွက်များက အိမ်ခြေပေါင်းထောင်ချီကို ဆေးဖြန်းပေးခဲ့သည်။

''ကျွန်တော်တို့မြို့မှာ ပီပီအီးအကာအကွယ်ဝတ်စုံဆိုတာကို အစကမမြင်ဖူးကြဘူး။ စေမသည (ရှေ့ဖုံးခါးစည်း) လေးပဲ ဝတ်ပြီး ရပ်ကွက်တွေထဲဆေးလိုက်ဖြန်းတဲ့အခါ အိမ်ရှင်တွေက ကျွန်တော်တို့ကို ကိုယ့်ကိုယ်ကိုယ်မကာကွယ်နိုင်ပဲနဲ့ သူများတွေကို ဘယ်လိုကာကွယ်နိုင်မလဲဆိုပြီး ပြောလာကြတယ်။ ဒါကြောင့် လူနာနဲ့ တိုက်ရိုက်ထိတွေ့လာတဲ့အခါ ကာကွယ်နိုင်အောင် ကျွန်တော်တို့က ပီပီအီးဝတ်စုံကို အပြည့်အစုံဝတ်ပြီး ပိုးသတ်ဆေးဖြန်းတယ်''ဟု တောင်ကြီးနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်းကိုထွန်းအောင်လှိုင်က ဆိုသည်။

တောင်ကြီးမြို့နယ်တွင် ပထမဆုံးတွေ့ရသည့် အတည်ပြုလူနာအမှတ်(၂၉)မှာ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီးမတ်လ ၂၈ ရက်တွင် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံကို ပြန်လာသူဖြစ်သည်။ လူနာမှာ တောင်ကြီးမြို့နယ် စဝ်စံထွန်းဆေးရုံကို ဧပြီ ၁၁ရက်တွင် ရောက်ရှိကာ သီးခြားထားရှိပြီး ဆေးကုသပေးခဲ့သည်။သီးခြားနေထိုင်ရသည့် စောင့်ကြည့်ခံကာလ ပြည့်မြောက်သဖြင့်နေရပ်ပြန်သူများကြောင့် လွတ်သွားသော စင်တာတစ်ဖြစ်လဲ စာသင်ယကျောင်းများကို သူတို့အဖွဲ့ထဲမှ ကျောင်းသားများက သုံးရက်တစ်ကြိမ်ဆေးလိုက်ဖြန်းပေးသည်။ ဆေးဖြန်းပြီး မောမောနှင့်ပြန်လာသူများ စားရန်လုပ်အားပေး မိန်းကလေးများက အချက်အပြုတ်တာဝန်ယူသည်။သို့သော် အလှူရှင် မရှိသဖြင့် ဘုန်းကြီးကျောင်းများနှင့် ကြုံသည့်နေရာများတွင် ဖြစ်သလို စားရသည်က များသည်။

''အရင်တုန်းကတော့ ပုံးတွေနဲ့လွယ်ပြီး တစ်အိမ်တက်ဆင်း ဆေးလိုက်ဖြန်းပေးတယ်။ အခုတော့ ဆေးဖြန်းစက်နဲ့ ပီပီအီးဝတ်စုံအလှူရှင်နဲ့ကားပေးသုံးတဲ့ အလှူရှင်လည်း ရှိလာတော့ ပိုအဆင်ပြေလာတယ်။ပိုးသတ်ဆေးကတော့ ကျွန်တော်တို့ မုန့်ဖိုးနဲ့ ဝယ်ရတယ်ဗျ။ ဘယ်လောက်ကြီး ခက်ခဲပါစေ ဝေးပါစေ အဲဒီနေရာကို ရောက်အောင်သွားပြီး အခမဲ့ဆေးဖြန်းပေးတယ်'' ဟု ကိုထွန်းအောင်လှိုင်က ဆိုသည်။တောင်ပေါ်မြို့ကလေးဖြစ်သည့် တောင်ကြီးမြို့သည် ရန်ကုန်လောက်တော့ မပူလှ။ သို့သော် မေလတွင် တောင်ပေါ်မြို့လေး၏ အပူချိန်မှာ၃၆ ဒီဂရီ စင်တီဂရိတ်ထိ ရှိတတ်သဖြင့် ပီပီအီးဝတ်ထားရသည့်လူငယ်ပရဟိတသမားများမှာလည်း ပူသည့်ဒဏ်ကို ထပ်တူခံစားကြရသည်။

''ကျွန်တော်တို့မှာ ဆေးဖြန်းစက် မရှိသေးခင်တုန်းက ရပ်ကွက်ထဲကလမ်းကြိုလမ်းကြားမကျန်ကို ပိုးသတ်ဆေးပုံးလေးတွေ လွယ်ပြီး သွားရတယ်။ မနက်က ပီပီအီးဝတ်စုံဝတ်လိုက်ပြီဆို နေ့ခင်းထမင်းစားချိန်ထိကိုမချွတ်ရဘူး။ တော်တော် အနေရခက်တယ်။ ထမင်းစားချိန်ကျ ပြန်ချွတ်တယ်။ ပြီးတော့ ၂ နာရီခွဲ ၃ နာရီလောက်မှာ ဝတ်စုံတစ်ခါဝတ်ပြီးည ၇ နာရီထိ ဆေးပြန်ဖြန်းတယ်။ တစ်ရပ်ကွက်ကို အိမ်က ထောင်ချီရှိတော့ ပြီးအောင်ဖြန်းရတယ်'' ဟု သူကပြောသည်။

ကွာရင်တင်းစင်တာများကို ပိုးသတ်ဆေးဖြန်းသည့်အခါ ငိုအားထက်ရယ်အားသန်သည့် ကိစ္စများလည်း ကြုံခဲ့ရသေးသည်။ တောင်ကြီးမြို့နယ်ထဲက ခေါင်ပြီး ကျန်းမာရေးအသိနည်းသည့် ရွာတစ်ရွာတွင် တရုတ်ပြည်နယ်စပ်က ပြန်လာသည့် စောင့်ကြည့်လူနာတစ်ဦး ကွာရင်တင်းဝင်နေသည့် ကျောင်းတွင် ဆေးဖြန်းပေးခဲ့စဉ်ကဖြစ်သည်။

''စောင့်ကြည့်လူနာက အဲဒီကျောင်းမှာ ညဆို သရဲခြောက်လို့အိမ်ကလူကို ခေါ်အိပ်တယ်တဲ့။ ညဆို ကြောက်လို့ ဂစ်တာတူတူ ထိုင်တီးတယ်၊ ထမင်းလည်း တူတူစားတယ်။ အိပ်မှသာ အခန်းခြားအိပ်တယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း သူကြီးနဲ့တွေ့ပြီး ဘာကြောင့်ခွင့်ပြုသလဲ မေးတယ်။ ရွာထဲကလူပါ ကွာရင်တင်းဝင်ပေးဖို့ ကျွန်တော်မေတ္တာရပ်ခံပေမယ့် သူကြီးက လက်မခံဘူး'' ဟု သူကဆိုသည်။နောက်ဆုံးတော့ အထွေထွေအုပ်ချုပ်ရေးမှူးကို အကြောင်းကြားလိုက်မှ အဆင်ပြေသွားခဲ့သည်။

''ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ မြို့ရွာကို ဒီရောဂါကြီးမပျံ့ပွားအောင် လုပ်ဆောင်ဖို့ပဲ။ ဖြစ်နိုင်ရင် တစ်နိုင်ငံလုံးလောက်သွားချင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့ ဒေသမှာတင် လုပ်စရာတွေကမပြီးသေးဘူး။ ကျွန်တော်တို့မြို့လေးမှာ ပေါ့စတစ်လူနာလည်း ထပ်မတွေ့ရတော့ပါဘူး။ ကာကွယ်မှုလည်း ထိန်းချုပ်နိုင်ခဲ့ပြီ။ အဲဒီအတွက်အားရတယ်'' ဟု ထွန်းအောင်လှိုင်က ဆိုသည်။၄၂ ဒီဂရီစင်တီဂရိတ် အပူချိန်ရှိသည့် မန္တလေးမြို့တွင် အသက် ၅၅နှစ်အရွယ် ဦးခင်သောင်းတစ်ယောက် အဖြူရောင်ပီပီအီးဝတ်စုံပြည့်ဝတ်ဆင်လျက်၂၄ဝ လီတာဆံ့ အမှိုက်ပုံးများနှင့် အလုပ်များနေသည်။သူ့ကို အလုပ်ပိုစေသည့် အမှိုက်ပုံးများက ကူးစက်မြန်ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19 ရောဂါ)ရှိသူများ၊ဆေးရုံ၊ ဟိုတယ်၊ နေအိမ်စသည့် သတ်မှတ်နေရာ၌ စောင့်ကြပ်ကြည့်ရှုခြင်းခံနေရသူများ စွန့်ပစ်ထားသည့် အန္တရာယ်ရှိအမှိုက်(Biohazard)များဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှာ ဌာန ၁၄ ခုရှိသည့်အနက် သန့်ရှင်းရေးဌာနတွင် ဦးခင်သောင်း တာဝန်ထမ်းဆောင်နေသည့်အတွက် အခုလို အမှိုက်တွေကို သိမ်းဆည်းရခြင်းဖြစ်ပြီး၎င်းနှင့်အတူ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၊ အန္တရာယ်ရှိစွန့်ပစ်အမှိုက်သီးသန့်သိမ်းရသည့် ကားမောင်းဆရာတစ်ယောက်တို့ အတူ အလုပ်လုပ်နေကြသည်။မြန်မာနိုင်ငံတွင် COVID-19 ရောဂါကို မတ်လ ၂၃ ရက်ကစတင်တွေ့ရှိခဲ့ပြီး မန္တလေးမြို့တွင် မတ်လ ၂၇ ရက်က ကူးစက်လူနာစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကအတည်ပြု ထုတ်ပြန်ခဲ့သော်လည်း ဖေဖေါ်ဝါရီ ၂ ရက်နေ့က မန္တလေးကန်တော်နဒီဆေးရုံတွင် ဝူဟန်မြို့မှ ပြန်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူ ၆၃ ဦး သီးခြားစောင့်ကြည့်ခံသည့် အချိန်ကစပြီးဦးခင်သောင်းတို့ သုံးယောက်အဖွဲ့ နားရက်မယူပဲ အန္တရာယ်ရှိအမှိုက်(Biohazard) များကို သိမ်းဆည်းနေကြရသည်မှာ ယနေ့တိုင်ပင်။

''နေ့စဉ်ရက်ဆက်ဆိုတော့ ကျွန်တော်တို့ အရမ်း ပင်ပန်းနေကြပြီ၊လူစားထိုး လဲစရာ လူလည်းမရှိဘူး။တာဝန်ရှိလူကြီးတွေကို လူအင်အားထပ်ဖြည့်ပေးစေချင်တယ်။ အရင်က မနက် ၆ နာရီကနေ မွန်းလွဲ ၁ နာရီဝန်းကျင်လောက်ဆို ပြီးပေမဲ့ အခု မနက်တစ်ခေါက်၊နေ့လယ်တစ်ခေါက် သိမ်းရတယ်။ လုပ်ငန်းသဘောသဘာဝတွေကိုသေချာနားလည်အောင် မိသားစုကို ပြောပြထားတယ်၊အန္တရာယ်ရှိပေမယ့် တာဝန်အရ ကိုယ့်မြို့အတွက် သိမ်းပေးတယ်၊တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီလိုတဲ့စိတ်နဲ့ သိမ်းပေးနေတာ'' ဟုမိသားစုခြောက်ယောက်၏ အိမ်ထောင်ဦးစီး ဦးခင်သောင်းက ပြောသည်။အန္တရာယ်ရှိအမှိုက်များ သိမ်းဆည်းရာတွင် အသုံးပြုသည့်(Personal Protective Equipment-PPE) ဝတ်စုံ၊ မျက်မှန်၊ လက်အိတ်နှင့် လည်ရှည်ဖိနပ်များကို စည်ပင်သာယာမှ ထုတ်ပေးထားပြီးစနစ်တကျသိမ်းဆည်းနိုင်ရေး ပညာပေးလုပ်ငန်းများကိုလည်းလုပ်ဆောင်ပေးထားကြောင်း စည်ပင်သာယာရေးကော်မတီ၊သန့်ရှင်းရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

''ကွာရင်တင်းလုပ်တဲ့ နေရာတွေကထွက်တဲ့ အမှိုက်တွေကို စနစ်တကျနဲ့ဖြစ်ဖို့ ကားပေါ်မတင်ခင်မှာ ဆေးဖြန်းတာတွေ လုပ်တယ်။ ပြီးမှ မီးရှို့ဖျက်ဆီးတဲ့ဆီကို ပို့တယ်။ ကွာရင်တင်းဝင်နေတဲ့သူတွေအနေနဲ့အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ပေးစေချင်တယ်။ အမှိုက်သိမ်းရတဲ့သူတွေအတွက် အလွန်အန္တရာယ်ရှိတာမို့ အမှိုက်သိမ်းဝန်ထမ်းတွေအတွက်နေ့စဉ် ကြက်ဥ၊ ရွိုင်ရယ်-ဒီအချိုရည်နဲ့ ငှက်ပျောသီးတွေကို နေ့စဉ်အားဖြည့်ပေးတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှုပန်းတိုင်ဆီ လှမ်းနိုင်မှာပါ'' ဟု အန္တရာယ်ရှိအမှိုက်စွန့်ပစ်မှုများကိုဦးဆောင်ပြုလုပ်နေသည့် သန့်ရှင်းရေးဌာန၊ ချမ်းအေးသာစံမြို့နယ်မှူး၊ဦးစီးအရာရှိ ဦးဇေယျာငြိမ်းက ပြောသည်။

မန္တလေးမြို့တွင် ကွာရင်တင်းစင်တာများမှ အန္တရာယ်ရှိစွန့်ပစ်အမှိုက်တစ်နေ့ နှစ်တန်နီးပါးကို တောင်အင်း မြောက်အင်းရှိ စွန့်ပစ်အမှိုက်မီးရှို့စက်သို့ ပို့ဆောင်ကာ ဆောင်ရွက်ပေးနေသည်။ထိုသို့ အန္တရာယ်ရှိအမှိုက် စွန့်ပစ်နေရခြင်းကို မိဘတွေဆီ အသိပေးထားခြင်းမရှိဟု ဆိုလာသူမှာ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှကားမောင်းသူ ကိုအောင်သက်လင်း ဖြစ်သည်။ ၎င်းနှင့်သက်တူရွယ်တူပါရမီဖြည့်ဖက်နှင့် နှစ်နှစ်ခွဲအရွယ် ရင်သွေးငယ်အတွက်တော့စိတ်ပူမိကြောင်း ပြောသည်။

''အရင်ကတည်းက ဆေးရုံဆေးခန်းစွန့်ပစ်အမှိုက်တွေကို သိမ်းခဲ့ပေမဲ့အခုရောဂါကြောင့် သိမ်းရတဲ့ အမှိုက်က ပိုအန္တရာယ်များတယ်။ ရောဂါကပျောက်နိုင်တယ်လို့ သိထားပေမယ့် သမီးငယ်လေးအတွက်တော့စိတ်ပူမိတယ်။ အိမ်ပြန်ရောက်ရင်လည်း သေသေချာချာ ရေချိုးတယ်။မိန်းမကိုတော့ နားလည်အောင် ရှင်းပြထားရတယ်။ ကုသိုလ်လည်းရဝမ်းလည်းဝတဲ့ အလုပ်ပါ'' ဟု ကိုအောင်သက်လင်းက ပြောသည်။နေရောင်အောက်က ဝတ်စုံပြည့်ဝတ်ထားသော သူရဲကောင်းတိုက်စစ်မှူးများကတော့ ရောဂါပိုးကို ထိန်းချုပ်နိုင်သည့်အချိန်အထိ အပူဒဏ်ကိုအံတုနေဦးမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021