ရတနာပုံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ရန် မေ ၁၈ ရက်နေ့မှ စတင်ရောက်ရှိလာသည့် ဒေသအသီးသီးမှ တက္ကသိုလ်ဆရာဆရာမများကို Facility Quarantine ထားရှိရာ မေ ၂၂ရက်မှစတင်၍ Quarantine ဝင်ရောက်ရန် မလိုတော့သဖြင့် ၂၃ ရက်နေ့မှစတင်ပြီး တာဝန်ထမ်းဆောင်ကြတော့မည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး Corona Virus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ မေ ၂၁ ရက်နေ့ ထုတ်ပြန်သည့် ညွှန်ကြားချက်အရ ရတနာပုံတက္ကသိုလ်မှ ဆရာဆရာမ ၁၃၁ ဦး အနက် ရန်ကုန်မှ ရောက်ရှိလာသူများမှလွဲ၍ ကျန်ဆရာဆရာမများအားလုံးကို Facility Quarantine ပြုလုပ်နေ ခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
“တိုင်းဒေသကြီး ညွှန်ကြားစာ ထွက်လာတော့ အစည်းအဝေး လုပ်တယ်။ ညွှန်ကြားစာနဲ့ ကိုက်ညီတဲ့သူတွေကို Quarantine မထားတော့ဘဲ ဖြုတ်လိုက်တယ်။ ဆရာမတို့ဆီမှာ ရန်ကုန်ဘက်က ပြန်လာတဲ့ ဆရာဆရာမ တွေကို သူနာပြုတက္ကသိုလ်နဲ့ သွားဘက်ဆိုင်ရာမှာထားပြီး အခြားဒေသက ဆိုရင်တော့ ရတနာပုံတက္ကသိုလ်မှာ ထားပါတယ်။ Quarantine ဖြုတ်လိုက်တဲ့ထဲမှာ ရန်ကုန်ဘက်က ပြန်လာတဲ့သူမပါဘူး”ဟု ရတနာပုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ စီစီခင်ကပြောသည်။
ရတနာပုံ တက္ကသိုလ်အတွင်းရှိ နံ့သာဆောင်၊ CR-41 CR 42 အဆောင်များမှ Facility Quarantine ဝင်နေရသူ ဆရာဆရာမများမှာ Quarantine ဝင်ရန်မလိုအပ်တော့ကြောင်း၊အလားတူ မန္တလေးတက္ကသိုလ်တွင် တာဝန် ထမ်းဆောင်ရန် မေ ၁၆ ရက်နေ့မှ စတင်ရောက်ရှိလာသည့် ဆရာဆရာမများလည်းရှိရာ ရန်ကုန်ဘက်မှပြန်လာသူများမှာ ဆက်လက်၍ Facility Quarantine ဝင်ရမည်ဖြစ်သည်။
မန္တလေးတိုင်းအတွင်းမှ ပြည်ပနိုင်ငံများမှ ပြန်လာသူများ၊ ရောဂါကူးစက်ဖြစ်ပွားမှုများသည့် ဒေသမှ လာသူများကို Facility Quarantine အဖြစ် ၂၁ ရက်နှင့် Home Quarantine ၇ ရက်ဆောင်ရွက်သွားရန်ဖြစ်ပြီး ရောဂါပိုးမတွေ့သောဒေသများမှ လာရောက်သူများသည် ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး လိုအပ်မှ Quarantine ဝင်ရမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ပါရှိသည်။
















