ကိုရိုနာနဲ့ထင်ကြေးပေါင်းများစွာ

ကိုရိုနာနဲ့ထင်ကြေးပေါင်းများစွာ

ကမ္ဘာတစ်လွှားကနိုင်ငံတော်တော်များများမှာဖြစ်ပွားနေတဲ့ COVID_19 နဲ့ပတ်သက်ပြီးသိထားတဲ့အချက်တွေကမှန်ရောမှန်ရဲ့လား၊လက်တွေ့လိုက်လုပ်ကြည့်ရင်ရောဘေးကင်းပါ့မလားလို့သေသေချာချာသိချင်နေတယ်ဆိုရင်တော့ဒီဆောင်းပါးလေးကိုဖတ်ကြည့်ပြီးစစ်ဆေးအဖြေထုတ်လိုက်တော့လေ။

ကိုဗစ် နဲ့မေးခွန်းပေါင်းများစွာ

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID_19 နဲ့ပတ်သက်ပြီးကြားထားတဲ့အကြောင်းလေးတွေသိထားတဲ့အကြောင်းအရာလေးတွေကဘယ်လောက်မှန်လဲဆိုတာကိုအတူတူဆန်းစစ်ကြည့်လိုက်ရအောင်လား…………

အရေပြားပေါ်ကိုကလိုရင်းဒါမှမဟုတ်အယ်လ်ကိုဟောဖြန်းပေးရင် ဗိုင်းရပ်စ်ကိုသေစေနိုင်တယ်

ဒီလိုဖြန်းတာကအခန့်မသင့်လို့ မျက်လုံးတွေ၊ပါးစပ်တွေထဲဝင်ရင်အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။ကလိုရင်းနဲ့အယ်လ်ကိုဟောတို့ကအရာဝတ္ထုတွေအပေါ်မှာရှိတဲ့ရောဂါပိုးမွှားတွေကိုနှိမ်နှင်းဖို့အသုံးပြုလို့ရပေမယ့်အရေပြားပေါ်က ပိုးမွှားတွေကိုသုတ်သင်ဖို့အတွက်တော့အသုံးမပြုသင့်ပါဘူး။ နောက်တစ်ချက်ကဒီဓာတုပစ္စည်းတွေကကိုယ်တွင်းကဗိုင်းရပ်စ်တွေကိုတော့မသေစေနိုင်ပါဘူး။

လူကြီးတွေကလူငယ်တွေထက် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများတယ်

ဒီဗိုင်းရပ်စ်ကအသက်အရွယ်မရွေးကူးစက်ခံရနိုင်ပါတယ်။ဒီနေရာမှာကွာခြားသွားနိုင်တဲ့အချက်တစ်ခုကအသက်အရွယ်၆၀အထက်လူကြီးတွေ (ကိုယ်ခံအားကပုံမှန်ထက်နည်းနေပါတယ်) ဆီးချို၊ ပန်းနာရင်ကြပ်ရောဂါ၊သွေးတိုးလိုမျိုးနာတာရှည်ရောဂါရှိနေသူတွေမှာရောဂါကူးစက်ခံရနိုင်ခြေကတော့အခြားသူတွေထက်ပိုများနေပါတယ်။

ကလေးတွေက COVID_19 မကူးနိုင်ဘူး

COVID-19 ကကလေးတွေကိုရောလူကြီးတွေကိုပါကူးစက်နိုင်ပါတယ်။တစ်ချက်ကတော့ကလေးတွေမှာကူးစက်ခံရရင်လက္ခဏာကအရမ်းကြီးတော့မပြင်းထန်ပါဘူး။

COVID_19 က တုပ်ကွေးနဲ့ဆင်တူတယ်

COVID-19 ဖြစ်တဲ့အခါတုပ်ကွေးလက္ခဏာတွေဖြစ်တဲ့နာကျင်ကိုက်ခဲတာ၊ အဖျားရှိတာ၊ချောင်းဆိုးတာလိုမျိုးလက္ခဏာတွေကိုခံစားရနိုင်ပါတယ်။တုပ်ကွေးရော COVID_19 မှာပါသိပ်မပြင်းထန်တဲ့လက္ခဏာတွေ၊အရမ်းပြင်းထန်တဲ့လက္ခဏာတွေနဲ့အဆိုးရွားဆုံးသေဆုံးတဲ့အထိပြင်းထန်နိုင်ပါတယ်။လက်ရှိကာလအထိမှာ COVID_19 ကအပြင်းထန်ဆုံးကူးစက်ရောဂါဆိုပေမယ့်သေဆုံးနိုင်ခြေက၁ရာခိုင်နှုန်းကနေ၃ရာခိုင်နှုန်းပဲရှိပါတယ်။

COVID_19 ဖြစ်ရင်သေမယ်

ဒါကမှားနေပါတယ်။အပေါ်မှာပြောခဲ့သလိုပဲ ကိုဗစ်ကကူးစက်နှုန်းမြန်ပေမယ့်သေဆုံးနိုင်ခြေကနည်းပါတယ်။ရောဂါကူးစက်ခံရသူတွေထဲက၈၀ရာခိုင်နှုန်းကျော်ကလက္ခဏာသိပ်မပြင်းထန်ကြပါဘူး။

ခွေးတွေ၊ကြောင်တွေကရောဂါပိုးကူးစက်စေနိုင်တယ်

ခွေးလေးတွေ၊ကြောင်လေးတွေကရောဂါပိုးကူးစက်ခံရနိုင်ပေမယ့်သူတို့ကလူဆီကနေတဆင့်ကူးစက်ခံရတာပါ။ဒါကလည်းဖြစ်နိုင်ခြေနည်းပါတယ်။သူတို့ကပိုးကိုသယ်ဆောင်ဖြန့်ဖြူးသူတွေမဟုတ်ကြပါဘူး။ဒီဗိုင်းရပ်စ်ကလူအချင်းချင်းကူးစက်မှုအမြင့်ဆုံးပါ။

နှာခေါင်းစည်းကပိုးကိုကာကွယ်ပေးနိုင်တယ်

နှာခေါင်းစည်းကရောဂါပိုးကိုထိုက်သင့်သလောက်ကာကွယ်ပေးနိုင်ပေမယ့်အပြည့်အဝမကာကွယ်ပေးနိုင်ပါဘူး။အကောင်းဆုံးကာကွယ်တာကတော့လူတစ်ယောက်နဲ့တစ်ယောက်၆ပေအကွာနေတာပါ။

လက်အခြောက်ခံစက်ကကိုရိုနာဗိုင်းရပ်စ်ကိုသေစေနိုင်တယ်

လက်အခြောက်ခံစက်ကကိုရိုနာဗိုင်းရပ်စ်ကိုမသေစေနိုင်ပါဘူး။ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ပေးနိုင်မယ့်အကောင်းဆုံးနည်းလမ်းက လက်ကိုဆပ်ပြာနဲ့ရေ အသုံးပြုပြီးဆေးကြောတာဖြစ်ဖြစ်အယ်လ်ကိုဟော၆၀ရာခိုင်နှုန်းအထက်ပါတဲ့ ရေမလိုလက်သန့်ဆေးရည်နဲ့ဆေးကြောတာပါ။

COVID_19 ကသာမန် အဖျားရောဂါကနေဆင့်ကဲပြောင်းလဲလာတာ

COVID_19 ကကိုရိုနာဗိုင်းရပ်စ်မျိုးရင်းဝင်ပါ။အခြားကိုရိုနာဗိုင်းရပ်စ်တွေကတိရစ္ဆာန်ကနေတဆင့်လူကိုကူးစက်တာဖြစ်ပြီးဒီ COVID_19 ဗိုင်းရပ်စ်ကတော့လူကနေလူကိုကူးစက်တာပါ။

ရောဂါပိုးရှိသူနဲ့၁၀မိနစ်ကြာရှိနေရုံနဲ့ကူးစက်ခံရနိုင်တယ်

၁၀မိနစ်ကြာမှမဟုတ်ပါဘူး။ရောဂါပိုးရှိသူနဲ့၁၀မိနစ်တောင်မရှိတဲ့အချိန်ထိတွေ့မိရုံနဲ့လည်းရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။

နှာခေါင်းကို salineဆေးရည်နဲ့ဆေးကြောတာကပိုးကူးစက်ခံရမှုကိုကာကွယ်နိုင်တယ်

ဒါကအထောက်အထားမရှိပါဘူး။နှာခေါင်းအတွင်းပိုင်းကို saline ဆေးရည်နဲ့ဆေးကြာတာက အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာကိုကာကွယ်နိုင်တယ်ဆိုတဲ့အထောက်အထားမတွေ့ရသေးပါဘူး။

အစွန်းချွတ်ဆေးနဲ့ပလုပ်ကျင်းတာက 

အစွန်းချွတ်ဆေးကကျန်းမာရေးကိုလုံးဝအကျိုးမပြုပါဘူး။ ခန္ဓာကိုယ်ကိုရောကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။

Antibiotics ကကိုရိုနာဗိုင်းရပ်စ်ကိုသေစေနိုင်တယ်

Antibiotics ကဘက်တီးရီးယားတွေကိုပဲသေစေနိုင်တာပါ။ဗိုင်းရပ်စတွေကိုမသေစေနိုင်ပါဘူး။ COVID_19 ကဗိုင်းရပ်စ်အမျိုးအစားပါ။

အပူချိန်တိုင်းစက်ကကိုရိုနာဗိုင်းရပ်စ်ရှိ၊မရှိစစ်ဆေးပေးနိုင်တယ်

အပူချိန်တိုင်းစက်တွေကအဖျားရှိ၊မရှိဘဲစစ်ဆေးနိုင်တာပါ။ကိုရိုနာဗိုင်းရပ်စ်ရှိ၊မရှိကိုမစစ်ဆေးပေးနိုင်ပါဘူး။အပူချိန်မြင့်တာကကိုဗစ်ရောဂါပိုးရဲ့လက္ခဏာတစ်ခုဖြစ်တာကြောင့်အပူချိန်တိုင်းစစ်ဆေးမှုလုပ်ဆောင်နေတာသာဖြစ်ပါတယ်။

ကြက်သွန်ဖြူကကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ပေးနိုင်တယ်

ကြက်သွန်ဖြူကဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ COVID_19 ကဗိုင်းရပ်စ်ပါ။ကြက်သွန်ဖြူက ကိုယ်ခံအား ကောင်းစေနိုင်ပေမယ့်ကိုရိုနာဗိုင်းရပ်စ်ကိုမကာကွယ်ပေးနိုင်ပါဘူး။

တရုတ်ကလာတဲ့အထုပ်တွေမှာကိုရိုနာဗိုင်းရပ်စ်တွေရှိနေနိုင်တယ်

ကိုရိုနာဗိုင်းရပ်စ်က အရာဝတ္ထုတွေ အပေါ်မှာရှင်သန်နိုင်တယ်ဆိုပေမယ့်တရုတ်ကနေမြန်မာနိုင်ငံဆီပို့ဆောင်တဲ့ကာလအတွင်းမှာထိတွေ့မိတဲ့အပူချိန်၊အခြေအနေအရပ်ရပ်ကြောင့်လက်ခံရရှိချိန်မှာရှင်သန်နေနိုင်ခြေနည်းနေပါပြီ။

အိမ်တွင်းကုထုံးတွေက COVID-19 ကိုကုသနိုင်တယ်

COVID-19 ကိုကုသနိုင်တဲ့အိမ်တွင်းကုထုံးမရှိသေးပါဘူး။ကာကွယ်တဲ့နည်းလမ်းကအကောင်းဆုံးပါ။လက်ကိုမကြာခဏဆေးကြောပါ။လူစုလူဝေးကိုရှောင်ကြဉ်ပါ။

တရုတ်ကလာတဲ့မုန့်တွေစားရင်ကူးစက်နိုင်တယ်

မကူးနိုင်ပါဘူး။

ဆီးတွေ၊ဝမ်းတွေကနေတဆင့်ရောဂါပိုးကူးစက်ခံရနိုင်တယ်

ဒီအယူအဆကမမှန်ဘူးလို့ပဲပြောပါရစေ။ကိုရိုနာဗိုင်းရပ်စ်ဟာဝမ်းမှာတော့ပါပါတယ်။ဒါပေမယ့်အခုထိအဲ့ကနေတဆင့်ကူးစက်တာတော့မတွေ့ရသေးပါဘူး။

အပူချိန်ပြင်းရင် ရောဂါပိုးကသေသွားတယ်

အအေးမိတုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကရာသီဥတုပူလာရင်သေသွားနိုင်ပေမယ့် COVID_19 ကတော့အပူချိန်ကြောင့်သေဆုံးသွားနိုင်သလားဆိုတာကိုလေ့လာနေဆဲပါ။

ကိုရိုနာဗိုင်းရပ်စ်ကသေဆုံးနိုင်ခြေအမြင့်ဆုံးဗိုင်းရပ်စ်ပါ

ဒီရောဂါပိုးဟာတုပ်ကွေးရောဂါပိုးတွေထက်ပြင်းထတ်တယ်ဆိုပေမယ့်သေဆုံးနိုင်ခြေအမြင့်ဆုံးလို့သတ်မှတ်ဖို့တော့ခက်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ကကိုရိုနာဗိုင်းရပ်စ်ထက်သေဆုံးနိုင်ခြေပိုများပါတယ်။

တုပ်ကွေးကာကွယ်ဆေးက COVID_19 ကိုကာကွယ်နိုင်တယ်

COVID_19 ကအခြားဗိုင်းရပ်စ်တွေနဲ့ကွာခြားပါတယ်။အခုချိန်ထိကာကွယ်ဆေးမထုတ်နိုင်သေးပါဘူး။တုပ်ကွေးကာကွယ်ဆေးကလည်းကိုဗစ်ဗိုင်းရပ်စ်ကိုမကာကွယ်ပေးနိုင်ပါဘူး။

ဒီရောဂါဖြစ်ပွားမှုကလင်းနို့စွပ်ပြုတ်စားရာကနေစတယ်

ဒီဗိုင်းရပ်စ်ဟာတိရစ္ဆာန်တွေဆီကနေစလာတယ်လို့သုတေသီတွေကလက်ခံယုံကြည်ထားကြပေမယ့်လင်းနို့စွပ်ပြုတ်ကနေစလာတယ်ဆိုတဲ့အထောက်အထားတစ်စုံတရာမတွေ့ရှိရပါဘူး။

အရက်သောက်တာကရောဂါကူးစက်ခံရနိုင်ခြေကိုလျှော့ချပေးနိုင်တယ်

ဒါကလူအများကြားမှရေပန်းစားနေတဲ့ပြောစကားတစ်ခုပါ။တကယ်ကတော့အယ်လ်ကိုဟော၊အရက်စတဲ့သောက်စရာတွေကရောဂါပိုးကိုမတိုက်ဖျက်နိုင်ပါဘူး။

အစွန်းချွတ်ဆေး၊ ပိုးသတ်ဆေးထိုးရင်ကိုဗစ်ကိုတိုက်ဖျက်ပေးနိုင်တယ်

အစွန်းချွတ်ဆေး၊ပိုးသတ်ဆေးတွေကိုသောက်တာ၊ထိုးသွင်းတာတွေကကိုယ်တွင်းကဗိုင်းရပ်စ်ကိုမဖယ်ရှားပေးနိုင်ပါဘူး။အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့လုပ်ရပ်တစ်ခုဖြစ်တာကြောင့်မလုပ်သင့်ပါဘူး။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021