Covid-19 ရောဂါကတစ်ကမ္ဘာလုံးကိုအရှိန်အဟုန်နဲ့ကူးစက်ပျံ့နှံ့လာချိန်မှာရောဂါကိုထိန်းချုပ်ဖို့ကာကွယ်နည်း၊ကုသနည်းအမျိုးမျိုးအသုံးပြုလာရပါတယ်။ဒီလိုနည်းစနစ်တွေထဲမှာ ရောဂါပျံ့နှံ့မှုကိုလျှော့ချဖို့အသုံးပြုလာတဲ့ social distancing အကြောင်းကိုနည်းနည်းလောက်ပြောပြချင်ပါတယ်။
Covid-19 ရောဂါကလူစုလူဝေးလုပ်လေပိုလျင်လျင်မြန်မြန်ကူးစက်လေဆိုတာလူအတော်များများသိပြီးဖြစ်မှာပါ။ရောဂါပိုးမရှိတဲ့သူတွေချည်းစုဝေးနေရင်ကိစ္စမရှိပေမဲ့ခက်တာကဘယ်သူ Covid-19 ဖြစ်နေသလဲ၊မဖြစ်နေဘူးလဲဆိုတာကိုကြိုတင်သိနိုင်ဖို့အင်မတန်ခက်ခဲပါတယ်။ရောဂါလက္ခဏာတွေမပြခင်တည်းကကူးစက်ပျံ့နှံ့နိုင်တာဖြစ်လို့အစကတည်းကလူစုလူဝေးမဖြစ်အောင်ကာကွယ်ဖို့လိုအပ်ပါတယ်။ဒါကြောင့် Social distancing လုပ်ဖို့လိုအပ်လာတာပဲဖြစ်ပါတယ်။
ဆေးကုသမှုနည်းလမ်းကိုအသုံးမပြုဘဲ ကူးစက်ရောဂါတစ်ခုခုပျံ့နှံ့မှုကိုရပ်တန့်နိုင်အောင် (ဒါမှမဟုတ်) နှေးကွေးသွားအောင်ဆောင်ရွက်တာကို Social distancing လုပ်တယ်လို့ခေါ်ဆိုပါတယ်။ Social distancing လုပ်ရတဲ့အဓိကရည်ရွယ်ချက်ကတော့လူအချင်းချင်းထိတွေ့ဆက်ဆံမှုနည်းနိုင်သမျှနည်းသွားအောင်လုပ်ဖို့ပါ။ဒါမှသာရောဂါကူးစက်ပျံ့နှံ့မှုကျဆင်းလာပြီးတခြားဆက်စပ်နေတဲ့ရောဂါဖြစ်ပွားမှု၊အသက်သေဆုံးမှုတွေပါလျော့ပါးသွားမှာဖြစ်ပါတယ်။ရောဂါပျံ့နှံ့ဖြစ်ပွားမှုနည်းလာတဲ့အတွက်တစ်ဖက်မှာရောဂါကိုကုသပေးရတဲ့ကျန်းမာရေးဝန်ဆောင်မှုတွေ၊ကျန်းမာရေးဝန်ထမ်းတွေအတွက်ဖိအားလျော့နည်းစေသလိုရောဂါအတွက်ဆေးဝါးအသစ်တွေလည်းပိုပြီးစနစ်တကျတီထွင်ထုတ်လုပ်လာနိုင်စေမှာပါ။
ဒါဆို Social distancing ဘယ်လိုလုပ်ကြမလဲ
အမေရိကန်ဗဟိုကူးစက်ရောဂါထိန်းချုပ်ရေးစင်တာကတော့ကူးစက်ရောဂါပျံ့နှံ့မှုကိုထိန်းချုပ်ဖို့အောက်ပါနည်းလမ်းတွေအတိုင်း Social distancing လုပ်နိုင်ပါတယ်လို့ထုတ်ပြန်ထားပါတယ်
– လူတစ်ယောက်နဲ့တစ်ယောက်အနည်းဆုံး၆ပေအကွာမှာရှိပါစေ
– အားကစားပွဲတွေ၊ဖျော်ဖြေပွဲတွေ၊ဘာသာရေးပွဲတွေလိုလူစုလူဝေးဖြစ်မယ့်နေရာတွေကိုရှောင်ပါ
– စားသောက်ဆိုင်တွေ၊ဘားတွေကိုလည်းဖြစ်နိုင်ရင်ရှောင်သင့်ပါတယ်။ စားသောက်စရာတွေကိုလည်းဖြစ်နိုင်ရင်ဆိုင်မှာထိုင်မစားဘဲပါဆယ် (take away) ပဲယူပြီးစားသုံးပါ (ဒါမှမဟုတ်) delivery နဲ့မှာယူစားသုံးပါ
– အလှအပဆိုင်ရာဝန်ဆောင်မှုပေးတဲ့နေရာတွေဖြစ်တဲ့ hairdressers, barbers, nail salons တွေမှာဆိုဆိုင်ဝန်ထမ်းတွေကကိုယ်နဲ့အနီးကပ်နေပြီးဝန်ဆောင်မှုပေးရတာဖြစ်တဲ့အတွက်ဒီလိုနေရာကိုလည်းရှောင်သင့်ပါတယ်
– ပါတီပွဲတွေ၊ဆွေမျိုးအချင်းချင်းအိမ်တွေသွားလည်ပတ်တာတွေကိုလည်းရှောင်ကြဉ်ပါ
– Covid-19 ရောဂါကူးစက်ခံရတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေသေဆုံးမှုအများဆုံးဖြစ်တာကြောင့်သက်ကြီးရွယ်အိုလူအိုရုံတွေ၊ပြန်လည်နာလန်ထူရေးစင်တာတွေကိုမသွားသင့်ပါဘူး
– ဘတ်စ်ကား၊ရထားလိုအများပြည်သူမျှဝေသုံးစွဲတဲ့ဝန်ဆောင်မှုမျိုးမှာလူတစ်ယောက်နဲ့တစ်ယောက်၆ပေကွာအောင်နေဖို့ကတော့မလွယ်ပါဘူး။ဒါပေမဲ့အလုပ်နဲ့အိမ်နဲ့နီးရင်လမ်းလျှောက်သွားတာ၊စက်ဘီးစီးသွားတာမျိုးလုပ်နိုင်ပါတယ်။
အိမ်ကနေတဆင့်လုပ်လို့ရတဲ့အလုပ်မျိုးဆိုလည်းအလုပ်ရှင်နဲ့ညှိနှိုင်းပြီးအလုပ်ပုံစံပြောင်းလဲဖို့ကြိုးစားကြည့်ပါ
– လက်ခဏခဏဆေးပါ။တစ်ခါဆေးရင်အနည်းဆုံးစက္ကန့်၂၀ကြာအောင်ဆေးပါ။ ဆပ်ပြာနဲ့ရေသုံးပြီးလက်ဆေးတာအကောင်းဆုံးဖြစ်ပြီးအယ်လ်ကိုဟောပါတဲ့လက်ဆေးရည်သုံးပြီးလည်းဆေးနိုင်ပါတယ်
– မျက်နှာကိုတတ်နိုင်သမျှမထိပါနဲ့၊မသန့်ရှင်းတဲ့လက်နဲ့မျက်နှာကိုကိုင်တွယ်မိရာကနေပိုးကူးစက်ခံရနိုင်ခြေများလို့ပါ
– နေထိုင်မကောင်းမဖြစ်ရင်နှာခေါင်းစည်းမတပ်ပါနဲ့၊နေကောင်းနေတဲ့သာမန်သူတွေထပ်ကျန်းမာရေးဝန်ဆောင်မှုပေးနေသူတွေကနှာခေါင်းစည်းတပ်ဖို့ပိုလိုအပ်ပါတယ်
– ကိုယ်ခံအားပြည့်ဝအောင်နေဖို့လည်းအရေးကြီးပါတယ်၊ အိပ်ရေးဝအောင်အိပ်၊အာဟာရပြည့်အောင်စားပြီးစိတ်ဖိစီးမှုနည်းအောင်နေပါ
– ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာကောင်းပေမယ့်ဒီအချိန်မှာအားကစားခန်းမတွေသွားဖို့မသင့်တော်ပါဘူး။လူအများများနဲ့ထိတွေ့နိုင်ပြီးရောဂါကူးစက်ခံရနိုင်ချေများလို့ဖြစ်ပါတယ်
– မရှိမဖြစ်လိုအပ်တဲ့အသုံးအဆောင်တွေ၊ဆေးဝါးတချို့ကိုလုံလုံလောက်လောက်ဝယ်ယူစုဆောင်းထားပါ၊ဒါမှခဏခဏဈေးဝယ်ထွက်စရာမလိုတော့မှာပါ
– Covid-19 ရောဂါလက္ခဏာတွေ၊ကူးစက်ပျံ့နှံ့ပုံတွေကိုအချိန်နဲ့တပြေးညီသိနိုင်အောင်စိတ်ချရတဲ့သတင်းအရင်းအမြစ်တွေကနေဖတ်ရှုလေ့လာပါ
– အကယ်၍ကိုယ့်မှာသံသယဖြစ်စရာရောဂါလက္ခဏာတွေပြလာခဲ့ရင်နီးစပ်ရာဒေသန္တရဆေးရုံ၊ဆေးခန်းကိုအရင်ဖုန်းဆက်အကြောင်းကြားပါ၊ဆေးရုံ၊ဆေးခန်းကိုတစ်ခါတည်းသွားပြလိုက်ရင်တခြားသူတွေပါရောဂါကူးစက်နိုင်လို့ဖြစ်ပါတယ်။

















