ပရီးမီးယားလိဂ်တွင် ၁၇၄၄ ဦးကို COVID-19 စစ်ဆေးခဲ့ရာ နှစ်ဦး၌ ပိုးထပ်တွေ့၍ လူနာရှစ်ဦးရှိလာ

ပရီးမီးယားလိဂ်တွင် ၁၇၄၄ ဦးကို COVID-19 စစ်ဆေးခဲ့ရာ နှစ်ဦး၌ ပိုးထပ်တွေ့၍ လူနာရှစ်ဦးရှိလာ

ဘောလုံးပွဲများပြန်လည်စတင်နိုင်ရန် ကြိုးစားနေသည့် ကာလ၌ ပရီးမီးယားလိဂ်တွင် COVID-19 ပိုးရှိသူနှစ်ဦး ထပ်တွေ့ရသောကြောင့် ဗိုင်းရပ်စ်ရှိနေသူ စုစုပေါင်းရှစ်ဦးရှိလာပြီဖြစ်ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့များ၌ ကလပ်ကိုယ်စီမှ ကစားသမားများနှင့် ဝန်ထမ်းများကို ဗိုင်းရပ်စ်စစ်ဆေးခဲ့ရာ အသင်းနှစ်သင်း၌ ပိုးတွေ့ ခဲ့ရခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်သည် COVID-19 စစ်ဆေးမှုကို ဒုတိအဆင့်အဖြစ်ပြုလုပ်ခြင်းဖြစ်ပြီး လူပေါင်း ၉၉၆ ဦးကိုစစ်ဆေးခဲ့သည်။ ဒုတိယအဆင့်စစ်ဆေးမှု၌ အသင်းတစ်သင်းစီမှ ကစားသမားနှင့်ဝန်ထမ်းများ စုစု ပေါင်း ၄ဝ မှ ၅ဝ အထိပါဝင်ခဲ့ဟု ဘီဘီစီက ဆိုသည်။

ပရီးမီးယားလိဂ်သည် ပထမအဆင့်စစ်ဆေးမှုကို မေ ၁၇၊ ၁၈ ရက်များ၌စတင်ခဲ့ရာ မေ ၁၉ ရက်တွင် ရလဒ် ကြေညာခဲ့သည်။ ပထမအဆင့်၌ ကစားသမားများနှင့် ဝန်ထမ်းစုစုပေါင်း ၇၄၈ ဦးကိုစစ်ဆေးပြီးချိန် ခြောက်ဦးဗိုင်းရပ်စ်ထိခဲ့သည်။

COVID-19 ဖြစ်နေသော လူများစာရင်း၌ ဘန်လေလက်ထောက်နည်းပြ အီယန်ဝိုယန်နှင့် ဝက်ဖို့ဒ်နောက်ခံလူ မာရီယက်ပါတို့ ပါဝင်နေသည်။

''အသင်းနှစ်သင်းမှာ ဗိုင်းရပ်စ်တွေ့ခဲ့ပါတယ်။ COVID-19 Positive ဖြစ်နေတဲ့သူတွေ တစ်ပတ်သီးခြား နေရမှာပါ''ဟု ပရီးမီးယားလိဂ်က ကြေညာခဲ့သည်။

လက်ရှိတွင် ပရီးမီးယားလိဂ်ကစားသမားများနှင့်ဝန်ထမ်း စုစုပေါင်း ၁၇၄၄ ဦးကို ဗိုင်းရပ်စ်စစ်ဆေးပြီးချိန် ရှစ်ဦးအထိ ပိုးတွေ့ခဲ့သည်။

ပရီးမီးယားလိဂ်သည် တတိယအဆင့်စစ်ဆေးမှုကို မေ ၂၅၊ ၂၆ ရက်များ၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ လက်ရှိ၌ လီဗာပူးသည် မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး ၂၉ ပွဲကစားပြီးချိန် ၈၂ မှတ်ဖြင့် မန်စီးတီးကို ၂၅ မှတ်ဖြတ်ကာ ဦးဆောင်နေသည်။



ဖတ်ရှုမှုအများဆုံး