ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့နယ် ရွှေလီမြစ်အနီးတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး မေ ၁၆ ရက်မှ ၂၄ ရက်နေ့ထိ ၉ ရက်တာကာလအတွင်း နေရာ ၆ ခုမှ လက်နက်ခဲယမ်းများ အလားတူသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မေ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က နောင်မွန်ကျေးရွာအနောက်မြောက်ဘက် မီတာ ၁၀ဝ၀ ခန့်အကွာ ရွှေလီမြစ်အနီး၌ သတင်းအရ စစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
မေ၁၆ရက်မှ မေ၂၄ရက်ထိ ၉ ရက်အတွင်း လက်နက် ခဲယမ်းသိမ်းဆည်းရမိမှု ၈ ခုတွင် အမ်-၁၆ ၊အမ်-၂၂ သေနတ်၊ရိုင်ဖယ်သေနတ်နှင့်ပစ္စတိုများ၊သေနတ်ကျည်အိမ်နှင့်ကျည်တောင့်များ၊လက်ပစ်ဗုံးများ ပါဝင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး၏ထုတ်ပြန်ချက်အရ သိရသည်။
“တိုးဂိတ်တို့ မူဆယ်မြို့ထဲ ဗုံးကွဲတာတို့ ဖြစ်တော့ အဲဒီကိစ္စတွေ စုံစမ်းဖော်ထုတ်ရင်း ကွင်းဆက်လိုက်ရာက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်။မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေလည်း အတော်များများမိခဲ့တာပါ”ဟု မူဆယ်မြို့ခံတစ်ဦးက ပြောကြားသည်။
ရွှေလီမြစ်အနီး သစ်ပင်ခြုံများအတွင်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ အမ်-၁၆ သေနတ် ၂ လက်နှင့် ကျည်အိမ်၂ ခု၊အမ်-၂၀ ပါရာပစ္စတို ၁ လက်နှင့် ကျည်အိမ် ၁ ခု၊ကျည် ၂ တောင့်တို့ဖြစ်ပြီး သိမ်းဆည်းရမိသည်များကို လုပ်ထုံးလုပ်နည်းများနှင့်အတူ ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။
မေ ၂၂ ရက်နံနက်၄ နာရီခန့်က မူဆယ်မြို့မှ အထွက် (၁၀၅)မိုင်အနီးပြည်ထောင်စုလမ်းမဘေးရှိ အဆောက် အအုံဟောင်းတစ်ခုတွင် စစ်ဆေးရာ အမ်-၂၂(ကျည်အိမ်ပါ)သေနတ် ၃ လက်နှင့်ကျည် ၆၉ တောင့်၊လက်ပစ်ဗုံး တစ်လုံးကိုလည်းကောင်း၊မေ ၂၁ ရက်၊ည ၁၂ နာရီက မူဆယ်မြို့နယ်၊နောင်ရမ်းရွာရှိ ဂိုထောင်တစ်ခုမှ အမ်-၂၂ သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် မေ ၂၀ ရက် နံနက် ၁ နာရီခွဲခန့်က မူဆယ်မြို့၊ကောင်းမှုတုံရပ်ကွက်နေအိမ်တစ်ခု၏အိမ်ခန်းအတွင်းမှ ဘာရက်ပစ္စတို တစ်လက်နှင့် ကျည်အိမ်နှစ်ခု၊၉-မမကျည်အတောင့် ၁၀ဝ ၊စက်လတ်သေနတ် တစ်လက်၊အမ်-၂၂ သေနတ်တစ်လက်၊ကျည် ၈၇ တောင့်၊ကြိုးဆွဲလက်ပစ်ဗုံး သုံးလုံးကိုလည်းကောင်း၊နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဟိုမွန် ရပ်ကွက် မင်္ဂလာမူဆယ်လမ်းပေါ်၌ တိမ်းမှောက်နေသော ယာဉ်တစ်စီး၏နောက်ဖုံးအတွင်းမှ သေနတ် တစ်လက်၊ ဖိုက်ဘာကျည်အိမ်တစ်ခုနှင့်ကျည် ၂၅ တောင့်၊ပွိုင့်-၂၂ အရှည်(တစ်ထောင့်ထိုး)သေနတ်တစ်လက်တို့ကို သိမ်း ဆည်းရမိခဲ့သည်။
မေ ၁၉ ရက်တွင် မူဆယ်မြို့နယ် ခိုဝိန်းရွာအနီး လူမနေသည့် အဆောက်အအုံတစ်ခုမှ ဘာရက်တာ သေနတ်တစ် လက်၊ကျည်အိမ်တစ်ခု၊ခြောက်လုံးပြူး တစ်လက်၊ အမ်-၂၂ သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခုနင့် ကျည် ၇ တောင့်၊အမ်-၁၆ သေနတ် တစ်လက်နှင့် ၎င်းကျည်အိမ်တစ် ခုတို့ သိမ်းဆည်းရမိခဲ့သည်။
မေ ၁၆ ရက်ည ၇ နာရီခန့်က မူဆယ်မြို့စွန်သင်္ချိုင်းအနီးအမှိုက်ကျင်းအတွင်း မြေစာများဖြင့် ဖုံးအုပ်ကာ ဆာလာအိတ်နှင့်ထုပ်ပိုးထားသော ပါရိအမျိုးအစားမောင်းပြန်ရိုင်ဖယ် တစ်လက်နှင့် ကျည်အိမ်တစ် ခု၊လမ်-၂၂ သေနတ် ၃ လက်၊ကျည် ၁၀၂ တောင့်နှင့် ကျည်အိမ် သုံးခုတို့ကိုလည်းကောင်း၊ထိုနေရာတစ်ဝိုက် ဆက်လက်ရှာဖွေရာ တဲအိမ်ပျက်တစ်ခုမှ ဆာလာအိတ်နှင့် ထုပ်ပိုးထားသည့် ဘာရက်တာပစ္စတို(ပွိုင့်-၂၅) တစ်လက်နှင့် ကျည် ၇တောင့်၊ကျည်အိမ် တစ်ခု၊လူဂါပစ္စတို တစ် လက်၊ကျည်အိမ်တစ်ခု၊ ကြိုးဆွဲလက်ပစ်ဗုံး သုံး လုံး၊လက်ပစ်ဗုံးအသေးနှစ်လုံး ထပ်မံသိမ်းဆည်းရမိခဲ့သည်။
















