မန္တလေးတွင် ဆိုင်ထိုင်ရောင်းချသည့် ဘီယာဆိုင် နှစ်ဆိုင်ကို အရေးယူ

မန္တလေးတွင် ဆိုင်ထိုင်ရောင်းချသည့် ဘီယာဆိုင် နှစ်ဆိုင်ကို အရေးယူ

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊မောရဂီဝါရပ်ကွက်တွင် မေ ၂၄ ရက်ညပိုင်း၌ ဘီယာဆိုင်နှစ်ဆိုင်သည် ဆိုင်ထိုင် ရောင်းချနေသည်ဟု သတင်းရရှိသဖြင့် ရှောင်တခင်သွားရောက်စစ်ဆေးခဲ့ရာ ဥပဒေလိုက်နာမှုမရှိဟုဆိုကာ ချမ်းအေးသာစံမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
 

အဆိုပါ ဆိုင်များမှာ ၇၄ လမ်း၊၃၂လမ်း×၃၃လမ်းမှ ဘီယာဆိုင်နှင့် ၇၃ လမ်း၊၃၃ လမ်းမှဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူရန်မှာ ရဲအရေးပိုင်သည့်အမှုမဟုတ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ယနေ့မေ ၂၅ ရက်နံနက် ပိုင်းတွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ပြောသည်။

“ဒီနေ့ တရားရုံးကို ဦးတိုက်လျှောက်ထားတယ် ။ရပ်ကွက်ထဲက နှစ်ဆိုင်ပါ။သူတို့ဆီသွားတဲ့အခါ အပြင်မှာ သူ့ ပရိဝုဏ်ထဲမှာ မဟုတ်ဘူး။ ခွက်တွေနဲ့ ခုံတွေ တွေ့ခဲ့တယ်။အဲဒီအဆင့်ပဲ တွေ့ခဲ့တယ်။ ခုံနဲ့ ဘီယာခွက် ၄ လုံးနဲ့ ဘူးတစ်ဘူးတွေ့ခဲ့ပြီး ရောင်းတယ်ဆိုတဲ့ ပုံစံမျိုးသတ်မှတ်တာပါ”ဟု ၎င်းက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်ထွေအုပ်၊မြို့နယ်ရဲတပ်ဖွဲ့မှူး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့်အဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ ၇၃ လမ်း ၃၃ လမ်းထောင့်ဘီယာဆိုင်မှာ ညအချိန် ဆိ်ုင်အနီးဝန်းကျင်တွင် စားပွဲခုံ ၃ ခုဖြင့် ဘီယာရောင်းချကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အရေးယူရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာလတွင် လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ဘီယာဆိုင်များစသည်တို့ကို ဆိုင်ထိုင်ရောင်းချခြင်း မပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချရန်နှင့် လိုက်နာမှုမရှိပါက အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားပြီး ၎င်းဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို စည်ပင်သာယာက မေ ၂၁ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး