ICE ၁၆၁၅ ကီလိုသယ်လာသည့် ၁၂ ဘီးယာဉ်မောင်း နှစ်ဦးကိုဖမ်းမိ
လွိုင်လင်မြို့နယ်တွင် ICE ၁၆၁၅ ကီလို သယ်ဆောင်မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်မောင်း နှစ် ဦးကို အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မေ ၂၅ ရက်နေ့တွင် မူးယစ်တပ်ဖွဲ့မှသိရသည်။
မေ ၂၄ ရက်နေ့ နံနက်၂ အချိန် တွင် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ ဘက်သို့ ခွန်စံဦး(၄၃)နှစ်မောင်းနှင်ပြီး ဝေလင်းထွန်း(၃၇)နှစ်လိုက်ပါလာသည့် ၁၂ ဘီးကုန်တင်ယာဉ်ကို မူးယစ်သတင်းအရ ပူးပေါင်းအဖွဲ့က ဟိုတင့်ကျေးရွာ အနီး တားဆီးစစ်ဆေးခဲ့သည်။
ယာဉ်ကို စစ်ဆေးချက်အရ ယာဉ်၏ဘော်ဒီကြမ်းခင်းအံဝှက်အတွင်းမှ ဆာလာအိတ်ဖြင့် ထည့်ထားသည့် ICE ၁၆၁၅ ကီလိုနှင့် ငွေ ကျပ် ၂၆၂,၅၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ယာဉ်မောင်းနှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ ဆက်လက် စစ်ဆေးလျက်ရှိသည်။

















