မန့်ဝိန်းဂိတ်၌ ကျပ်သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ ဖောက်ခွဲရေးပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

မန့်ဝိန်းဂိတ်၌ ကျပ်သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ ဖောက်ခွဲရေးပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ် မန့်ဝိန်းဂိတ်တွင် ကျပ်သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ ဖေါက်ခွဲရေးပစ္စည်းများကို  ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး ယာဉ်မောင်းနှင့် ပစ္စည်းပိုင်ရှင်ကို စုံစမ်းလျက်ရှိကြောင်း မေ ၂၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

မေ၂၅ ရက် နံနက် ၁၀ နာရီခွဲန်ခန့်တွင် မူဆယ်မြို့ မြန်မာ- တရုတ် နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေး မန့်ဝိန်းဂိတ်တွင် ဖောက်ခွဲရေး ပစ္စည်းများတွေ့ရှိကြောင်း သတင်းအရ မူဆယ်မြို့မရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါပစ္စည်းများအား မန့်ဝိန်းဂိတ်တွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတာဝန်ထမ်းပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခြင်းဖြစ်ပြီး စစ်ဆေးချက်အရ တရုတ်နံပါတ် တပ်ထားသော တရုတ်ကုန်တင်ကား ISUZU အလုံပိတ်ယာဉ်ကို နယ်စပ်ဂိတ်သို့ တရုတ်နိုင်ငံက သတ်မှတ်ပေး ထားသည့် အစားထိုးယာဉ်မောင်းဖြင့်လဲလှယ် ဖြတ်သန်းစဉ် ယင်းယာဉ်အား မသင်္ကာ၍ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်အရ ယာဉ်အတွင်းမှ Shock Tube Detonator ၉၅၄၀၀ ချောင်း (ကျပ်သိန်း ၁၃၃,၅၆၀,၀၀၀ တန်ဖိုး)ရှိ ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေါက်ကွဲစေတတ်သည် ပစ္စည်းသယ်ဆောင်ပေးသူ ယာဉ်မောင်းနှင့် ပစ္စည်းပိုင်ရှင်တို့ကို စုံစမ်းလျက်ရှိပြီး မူဆယ်မြို့မရဲစခန်းက (ပ) ၃၄၀ /၂၀၂၀ ၊ လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ပစ္စည်းဆိုင်ရာ ပုဒ်မ ၂၃ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။