COVID-19 ကာလ ပြန်စခဲ့သည့်ဘွန်ဒက်စ်လီဂါ၌ အိမ်ကွင်းအားသာချက် အဓိကမကျဟု ဆို

COVID-19 ကာလ ပြန်စခဲ့သည့်ဘွန်ဒက်စ်လီဂါ၌ အိမ်ကွင်းအားသာချက် အဓိကမကျဟု ဆို

COVID-19 ကာလ ဥရောပထိပ်တန်းလိဂ်ငါးခုအနက် ဗိုင်းရပ်စ်ကိုအန်တု၍ မေလ ဒုတိယအပတ်က ပြန်လည် စတင်ခဲ့သော ဂျာမန်ဘွန်ဒက်စ်လီဂါ၌ အိမ်ကွင်းအားသာချက်မှာ အဓိကအကြောင်းအရာမဟုတ်တော့ဘဲ အရေးမပါတော့ဟု စပိန်သတင်းစာ မာကာက အချက်အလက်ကိုးကား၍ဖော်ပြသည်။

ဂျာမနီအစိုးရအာဏာပိုင်များက ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို ပြန်လည် စတင်ရန်ခွင့်ပြုခဲ့ရာ၌ ပရိသတ်မပါဘဲ ကျင်းပစေခဲ့သည်။ ထို့ကြောင့် ဘောလုံးပွဲများမှာ ကွင်းအတွင်း လှုံ့ဆော်ခံစားမှု ပျောက်ဆုံးနေပြီး အိမ်ရှင်အသင်းများမှာလည်း ကွင်း၌လူမရှိ၍ အိမ်ကွင်း အားသာချက်ကို အကောင်းဆုံးအသုံးမချနိုင်တော့ပေ။

COVID-19 ကြောင့် ဂျာမန်ဘွန်ဒက်စ်လီဂါမရွှေ့ဆိုင်းမီအချိန်အထိ ပွဲပေါင်း ၂၂၄ ပွဲကစားခဲ့ရာ အိမ်ရှင်အသင်းအနိုင်ရမှုမှာ ၄၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဧည့်သည်အသင်း အနိုင်ရမှုမှာ ၃၄ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။

လိဂ်ပြန်စခဲ့ချိန် ဘွန်ဒက်စ်လီဂါ၌ အိမ်ရှင်အသင်းအနိုင်ရမှုမှာ (မေ ၂၆ ရက်ကစားသည့်ပွဲမပါ) ၁၆ ဒသမ ၇ ရာခိုင်နှုန်းသာရှိပြီး ဧည့် သည်အသင်းအနိုင်ရမှုမှာ ၅၅ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေသည်။

ယမန်နေ့က ကစားခဲ့သော ဘွန်ဒက်စ်လီဂါပွဲစဉ်(၂၈) ပွဲလေးပွဲကို ထည့်မတွက်ပါက လိဂ်ပြန်စချိန်စုစုပေါင်း ၁၈ ပွဲကစားခဲ့ရာ အိမ်ရှင်သုံးသင်းသာအနိုင်ရပြီး ဧည့်သည်အသင်း ၁ဝ ပွဲအနိုင်ရခဲ့သည်။

ပွဲစဉ်(၂၆)၊ (၂၇)၌ အနိုင်ရခဲ့သည့်အိမ်ရှင်အသင်းများအဖြစ် ဒေါ့မွန်၊ ဘိုင်ယန်နှင့် ဟာသာဘာလင်တို့သာရှိခဲ့ကြောင်း မာကာက ရေးသားခဲ့သည်။



ဖတ်ရှုမှုအများဆုံး