မန္တလေးမြို့တွင် တပ်ဆင်ထားသည့် COVID-19 ဓာတ်ခွဲခန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ဆေးပညာရှင်အဖွဲ့ရောက်ရှိသင်တန်းပေးခြင်းနှင့်ဆွေးနွေး ခြင်းများပြုလုပ်ခဲ့ပြီးနောက် ယနေ့မေ ၂၇ရက် မွန်းလွဲပိုင်းတွင် စစ်ဆေးမှုလုပ်ငန်းများစတင်မည်ဖြစ်၍ တစ်ရက်လျှင် ၂၇၀ ဦးထိ စမ်းသပ်နိုင်မည်ဟု မန္တလေးမြို့ တော်ဝန်ဒေါက်တာရဲလွင်က လူမှုကွန်ရက်တွင် ပြောကြားထားသည်။
“COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုကို မန္တလေးမှာ စတင်စမ်းသပ်နိုင်ပါပြီ။လောလောဆယ် RT PCR စက် ၂ ခုနဲ့ စမ်းသပ်မှာဖြစ်ပြီး တစ်ရက်ကို ၂၇၀ ထိ စမ်းသပ်နိုင်မှာပါ။လက်ရှိ အဆောက်အအုံကိုလည်း တိုးချဲ့ပြီး RT PCR တစ်လုံး ထပ်မံတိုးချဲ့လည်ပတ်နိုင်ဖို့ ပြင်ဆင်နေပါတယ်”ဟု ၄င်းက ပြောသည်။
မန္တလေးမြို့ ၃၅ လမ်း၊၆၆ လမ်း ၆၄ လမ်းရှိ FDA ရုံးဟောင်းနေရာတွင် COVID-19 ရောဂါပိုး အတည်ပြုစစ်ဆေးပေးနိုင်မည့် ဓာတ်ခွဲခန်းကို ပြင်ဆင်တည်ဆောက်ထားသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ဆေးပညာရှင်အဖွဲ့က မေ ၂၂ရက်၌ မန္တလေးမြို့သို့ရောက်ရှိ်၍ မန္တလေး၊တောင်ကြီးနှင့် မော်လမြိုင်မှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား ၄ ရက်ကြာ သင်တန်းပေးခဲ့သည်။
“ဓာတ်ခွဲခန်းမှာ ကျန်းမာရေးဝန်ကြီးဌာနက စက်နဲ့ စင်ကာပူနိုင်ငံက အလှူရှင်တစ်ဦးက လှူဒါန်းတဲ့စက်အပြင် ယူနန်ဆေးပညာရှင်တွေအဖွဲ့ကလည်း ဆက်စပ်ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။မန္တလေးမှာ လူအယောက် ၃၇၀ဝ၀ ရဲ့အဖြကို စစ်ဆေးနိုင်မယ့် ဓာတ်ခွဲစမ်းသပ်ဆေးတွေရှိတယ်”ဟု COVID-19 နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
မန္တလေးမြို့တွင် ဓာတ်ခွဲခန်းတည်ဆောက်ပြီးစီးမှုကြောင့် အထက်မြန်မာပြည်နှင့် နီးစပ်ရာဒေသများမှ COVID-19 နှင့် ပတ်သက်သည့် ဓာတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် မန္တလေးမြို့တွင် PHL အတွက် Influenza Center အထိ ဆောင်ရွက်နိုင်ရန် အဆောက်အအုံသစ်တစ်ခုကို ၃ လအတွင်း အပြီးတည်ဆောက်ရန် မြေနေရာလျာထားပြီးဖြစ်သည်။
















